မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို လုံခြံုရေးကောင်စီ တစ်ညီတစ်ညွတ်တည်း ရှုတ်ချ

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို လုံခြံုရေးကောင်စီ တစ်ညီတစ်ညွတ်တည်း ရှုတ်ချ

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၄ ။                      ။ မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စိတ်ပိုင်းဖြတ်ထားသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ယင်းနိုင်ငံရဲ့ နောက်ဆုံးဖျက်အားပြင်းဒုံးကျည်စမ်းသပ်မှုအပေါ် ဖေဖော်ဝါရီ ၁၃ ရက်မှာ တစ်ညီတစ်ညွတ်တည်း ရှုတ်ချလိုက်ပါတယ်။

ယခု ဒုံးကျည်စမ်းသပ်မှုက ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အကြီးအကျယ် ချိုးဖောက်ခြင်းဖြစ်ပြီး ခြိမ်းခြောက်မှုလည်း ဖြစ်တယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် တရုတ်ကပါ ထောက်ခံခဲ့ပြီး လုံခြုံရေးကောင်စီမှာ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်ပြီးနောက်ပိုင်း ပထမဆုံး ဒုံးကျည်စမ်းသပ်မှုအဖြစ် မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၁၂ ရက်မှာ အောင်မြင်စွာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်နိုင်ကြောင်း   ကြေညာလိုက်ပြီးနောက် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ တောင်းဆိုမှုကြောင့် လုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီအစည်းအဝေးအပြီး နာရီအနည်းငယ်မှာ အမေရိကန်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားဟာ တကယ့်ပြဿနာကြီး   ဖြစ်ကြောင်း ပြောဆိုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုကို ကူဆောင်မြို့ကနေ ပစ်လွှတ်လိုက်တာဖြစ်ပြီး အရှေ့ဖက် ကီလိုမီတာ ၅၀၀ အထိ ပျံသန်းပြီး ဂျပန်ပင်လယ်(အရှေ့ပင်လယ်)အတွင်း ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly