မြန်မာကလေးများနေ့ အထိမ်းအမှတ် ကင်းထောက်လူငယ်များအဖွဲ့မှ ရန်ကင်းကလေးဆေးရုံကြီးတွင် အာဟာရဒါနကျွေးမွေး

မြန်မာကလေးများနေ့ အထိမ်းအမှတ် ကင်းထောက်လူငယ်များအဖွဲ့မှ ရန်ကင်းကလေးဆေးရုံကြီးတွင် အာဟာရဒါနကျွေးမွေး

ရန်ကုန်  ဖေဖော်ဝါရီ   ၁၃ ။              ။ ယနေ့( ဖေဖော်ဝါရီ ၁၃)တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ ပြည့်နှစ် မွေးနေ့နှင့် မြန်မာကလေးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကင်းထောက်လူငယ်များအဖွဲ့မှ  လုပ်အားဒါနနှင့် အာဟာရဒါနကျွေးမွေးခြင်းများကို ရန်ုကုန်မြို့၊ ရန်ကင်းမြို့နယ် ရန်ကင်းကလေးဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ၈ ခုမှ ကင်းထောက်လူငယ် အယောက်၆၀ ခန့်က ဆေးရုံဝန်း အတွင်းသန့်ရှင်းရေးပြုလုပ်ပြီး နေ့လည်(၁၁)နာရီတွင် ဆေးရုံတက်ရောက်ကုသခံနေသည့် ကလေးလူနာများကို အာဟာရဒါနအဖြစ် ထမင်းဟင်းများ ကျွေးမွေးခဲ့ကြသည်။

ထို့အပြင် နေ့လည်၂ နာရီတွင် ဆေးဝါးကုသခံကလေးများကို ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် စိတ်ဓါတ်ခွန်အား တက်ကြွဖွယ်ရာများ ဟောပြောခဲ့ကြကြောင်း သိရသည်။

"ဗိုလ်ချုပ်ဆိုတာက ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရယူပေးခဲ့တဲ့ အာဇာနည်တစ်ယောက်ဖြစ်သလို သူကွယ်လွန်ခဲ့ရတာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။ အခု ကလေးများနေ့မှာ လည်း ကလေးတွေ ဗိုလ်ချုပ်ကို အတုယူစေနိုင်ဖို့ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စိတ်ဓါတ်ခွန်အားတက်ကြွဖွယ်ရာ တွေ ဟောပြောခဲ့တယ်" ဟု မြန်မာနိုင်ငံကင်းထောက်အဖွဲ့ တက္ကသိုလ်ကင်းထောက်တာဝန်ခံ၊ ကိုကောင်းဆက်ဟိန်း က ပြောသည်။

ကင်းထောက်လူငယ်အဖွဲ့ဝင်များ ဆေးရုံကြီးတွင် လုပ်အားဒါနနှင့် အာဟာရဒါနကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည့်အတွက် ရန်ကင်းကလေးဆေးရုံ၊ ဒုတိယ ဆေးရုံအုပ်ကြီး   ဒေါက်တာမိမိခင်က   ကျေးဇူးတင်စကား ပြန်လည်ပြောခဲ့သည်။

"အခုလို ကင်းထောက်လူငယ်တွေ ကျွန်မတို့ဆေးရုံကြီးမှာ လုပ်အားဒါနနှင့် အာဟာရဒါနကျွေးမွေးခြင်းများ ဆောင်ရွက်ကြတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ကြည်နူးမိသလို သူတို့ကိုလည်း ဆေးရုံအုပ်ချုပ်ရေး အဖွဲ့တွေ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်" ဟု ရန်ကင်းကလေးဆေးရုံ၊ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာမိမိခင်က ပြောသည်။

ကုတင်(၅၀၀)ဆန့် ရန်ကင်းကလေးဆေးရုံကြီးကို ၂၀၁၁ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကလေး လူနာပေါင်း (၃၅၀) မှ (၄၀၀)ခန့်အား ဆရာဝန်(၈၀)၊ သူနာပြု(၁၆၂) ဦးတို့ဖြင့် ဆေးဝါးကုသပေးလျက်ရှိ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly