ထရမ့် ဆန့်ကျင်သူ စတိုင်မိုင်ယာ အား ဂျာမနီ သမ္မတအဖြစ် ရွေးချယ်

ထရမ့် ဆန့်ကျင်သူ စတိုင်မိုင်ယာ အား ဂျာမနီ သမ္မတအဖြစ် ရွေးချယ်

ဖေဖော်ဝါရီ ၁၃ ။               ။ ဂျာမနီ နိုင်ငံ၏ ထရမ့် ဆန့်ကျင်ရေးသမားအဖြစ် သတ်မှတ်ခံထားရသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖရန့် ဝေါ်လ်တာ စတိုင်မိုင်ယာအား နိုင်ငံ၏ သမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်က ရွေးချယ်တင်မြှောက်လိုက်သည်။

အသက် ၆၁ နှစ်အရွယ်ရှိ စတိုင်မိုင်ယာမှာ နိုင်ငံတွင် အထင်ပေါ်ဆုံးသော နိုင်ငံရေးသမားတစ်ဦးအဖြစ် လူထုစစ်တမ်းများက ဖော်ပြနေခဲ့ကြပြီး နိုင်ငံ၏ ကျင့်ဝတ်ဆိုင်ရာ အဆုံးအဖြတ်ပေးသူအဖြစ် ထမ်းရွက်တော့မည် ဖြစ်သည်။

၎င်းအား သမ္မတသစ်အဖြစ် ခန့်အပ်ထားနိုင်မှုက ကံကောင်းခြင်းတရားများ တိုးပွားစေမည်ဟု ၎င်း၏ပါတီ ဆိုရွယ်ဒီမိုကရက် SPD ကလည်း မျှော်လင့်နေသကဲ့သို့ တစ်ချိန်တည်းမှာလဲ ယင်းပါတီမှ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဥရောပပါလီမန်ဥက္ကဌဟောင်း မာတင် ရှက်ဇ်ကလည်း လာမည့် စက်တင်ဘာရွေးကောက်ပွဲများတွင် လက်ရှိ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ်နှင့် ယှဉ်ပြိုင်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ယနေ့အချိန်အခါတွင်လည်း လူဗြိန်းကြိုက်ဝါဒ တစ်စခန်းထလာနေမှုကို  ရင်ဆိုင်သွားမည်ဟု စတိုင်မိုင်ယာက ကြွေးကြော်သွားခဲ့သည်။

" အဖြေတွေကတော့ ရဖို့ ခက်နေဆဲပါ၊ ဒါပေမယ့်လည်း ကျွန်တော်ထင်ပါတယ်၊ ဒီကနေ့ တွေ့ကြုံနေရတဲ့ ပြဿနာတွေအတွက် အကောင်းဆုံး အဖြေကတော့ ဒီမိုကရေစီစနစ်မှာပဲ တွေ့နိုင်ပါလိမ့်မယ်" ဟု ၎င်းက ပြောသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly