မြိတ် မူးယစ်ဆေးဝါးမှု၌ ပါ၀င်သူတိုင်းကို ဖမ်းဆီးအရေးယူမည်ဟု ပြော

မြိတ် မူးယစ်ဆေးဝါးမှု၌ ပါ၀င်သူတိုင်းကို ဖမ်းဆီးအရေးယူမည်ဟု ပြော
မြိတ်မြို့ အဝေးပြေးကားဝင်းအတွင်း တည်းခိုခန်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိစဉ်

မြိတ်၊ဖေဖော်ဝါရီ ၁၃ ။               ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ မူးယစ်ဆေးဝါးမှုတွင် ပါဝင်သူတိုင်းကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါအမှုတွင် ပါဝင်နေသူနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး တိမ်းရှောင်သူ ၂ ဦးအနက် ၁ ဦးမှာ စစ်ဖက်ရေးရာလုံခြုံရေး(စရဖ)တစ်ဦး ပါဝင်နေခြင်းကို တွေ့ရှိရကြောင်း မြိတ်မြို့ မြို့မ ရဲစခန်း၏ မှတ်တမ်းအရ သိရပြီး မူးယစ်ဆေးဝါးရောင်းချ၊သုံးစွဲသူကို ကွင်းဆက်အတိုင်းဖော် ထုတ်ဖမ်းဆီးခဲ့ရာ ပါဝင်မှုတွေ့ရှိရခြင်းဖြစ်သည်။

“ကွင်းဆက်တွေကိုလိုက်ပြီး ဖမ်းတာပေါ့နော်။ ကွင်းဆက်က လေးခုလောက် လိုက်ဖမ်းရတယ်။ ကွင်း ဆက်တရားခံတွေကတော့ ဆက်ဖမ်းနေတယ်။ တင်ပြထားတာတော့ ဆက်တင်ပြထားတယ်။ ဘယ်သူရယ်၊ ဘယ်ဝါရယ်ကတော့ မပြောနိုင်သေးဘူး။ အဆက်အစပ်တွေ သိလာရင်တော့ ထပ်ပြောပေးမယ်။ အကုန်လုံးတော့ ပြောလို့ မရသေးဘူး။ လုပ်နေကိုင်နေတုန်းဆိုတော့ ရှုပ်ကုန်မစိုးလို့ ” ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်က မြိတ်မြို့ ၊ကန်ခေါင်းရပ်ကွက်၊မြိုင်ဟေဝန်လမ်းမပေါ်တွင် စိတ်ကြွဆေးပြား နှင့် မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသုံးစွဲသူ ၂ ဦးကို ကနဦးဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့မှတဆင့် ကွင်းဆက် လိုက်လံဖမ်းဆီးခဲ့ရာ စုစုပေါင်း စိတ်ကြွဆေးပြား ၃၄၇၃ ပြားနှင့် လက်ဝယ်ထားရှိ ဖြန့်ဖြူးသုံးစွဲသူ ၂ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

အမှုတွင် ဖမ်းမိသူ ၄ ဦးဖြစ်သော ရဲမာန်လှဦး နှင့်သန်းထိုက်တို့ကို မယ(ပ)၂၀/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ အမှုဖွင့်ခဲ့ပြီး၊ အခြားကွင်းဆက်ဖြစ်သူ စွဲမြဲ ဆိုသူကို မယ(ပ)၂၁/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က) /၂၀(က) /၂၁ အရ၎င်း ၊ အောင်အောင်ဆိုသူကို မယ(ပ)၂၂/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

၎င်းထွက်ပြေးသူနှစ်ဦးကိုလည်း မယ(ပ)၂၁/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က) /၂၀(က) /၂၁ နှင့် မယ(ပ)၂၂/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း မြိတ်မြို့နယ်ရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly