စစ်ကိုင်းတွင် မိုးသည်းထန် ၍ရေကြီးမှု များဖြစ်နေရာသို့ ကုလသမဂ္ဂ ကူညီပေးမည်

စစ်ကိုင်းတွင် မိုးသည်းထန် ၍ရေကြီးမှု များဖြစ်နေရာသို့ ကုလသမဂ္ဂ ကူညီပေးမည်

ဇူလိုင် ၂၄ ရက် ။      ။ စစ်ကိုင်းတိုင်းဒေသတွင် မိုးရွာသွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပေါ်နေရာသို့ အကူအညီများပေးရန် အသင့်ရှိထားကြောင်း ကုလသမဂ္ဂ ကပြောသည်။

မြို့နယ် ၁၁ မြို့နယ်မှ လူ ၇၀၀၀၀ ဝန်းကျင် ရေကြီးမှုဘေးကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေခြင်းဖြစ်သည်။ ရေကြီးမှုအတွင်း သေဆုံးသူ ကိုးဦးရှိပြီး အိုးအိမ်ပေါင်း ၁၂၀၀၀ ကျော်ထက်မနည်း ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အီရစ်ကာနီကို ကပြောခဲ့သည်။

ရေဘေးဒုက္ခကြုံတွေ့နေရသူ၊ နေအိမ်စွန့်ပြောင်းရွှေ့ခဲ့ရသူပေါင်းမှာ ၄၀၀၀၀ ကျော်ထက်မနည်းရှိကြောင်း ဒေသအာဏာပိုင်များ ကပြောခဲ့သည်။

"အထောက်အပံ့တွေပေးဖို့ကို ကုလသမဂ္ဂက ကမ်းလှမ်းထားပါပြီ။ စစ်ကိုင်းရေဘေးအတွက် အကူအညီများပေးဖို့ အသင့်ပြင်ထား ပြီးပါပြီ။လက်ရှိဆိုရင် အဆိုးဆုံးရေဘေးကြုံတွေ့ရာနယ်မြေတွေရဲ့ အနေအထားကို ကုလသမဂ္ဂမှအဖွဲ့တစ်ဖွဲ့က သွားရောက်ကြည့် ရှုစစ်ဆေးလျက်ရှိပါပြီ။" ဟု အီရစ်က ပြောခဲ့သည်။

ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူး၊ မကွေး၊ ရခိုင်၊ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့ မှစကာ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်သည်။ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် နွေစပါးနှင့် မိုးစပါး စိုက်ခင်း ဧက ၄၀၀၀၀ ဝန်းကျင် ရေနစ်မြုပ်ပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အရှေ့မြောက်ပိုင်း မြို့နယ်သုံးမြို့နယ်တွင် မိုးရွာသွန်းမှုအရှိန်ကြောင့် တံတားများ၊ လမ်းများပါ ပျက်စီးခဲ့ပြီး မြောက်ပိုင်းရှိ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကိုလည်း ရပ်တန့်ထားခဲ့သည်။

ရေဘေးသင့် ဒေသခံများအတွက် ရွှေဘိုနှင့် ကသာတို့တွင် ရေဘေးဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးထားပြီဖြစ်သည်။

Ref: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly