လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဖြေရှင်းချက်မှာ“ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး”ဟု သမ္မတပြော

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဖြေရှင်းချက်မှာ“ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး”ဟု သမ္မတပြော

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၂ ။            ။ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိက္ခများ ချုပ်ငြိမ်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အဓိကဖြေရှင်းချက်မှာ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး”သာဖြစ်ကြောင်း သမ္မတဦးထင်ကျော်က ပြောကြားခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ သမ္မတ ဦးထင်ကျော်မှ ပေးပို့သော သဝဏ်လွှာတွင် ပြောကြားထားခြင်းဖြစ်သည်။ အဆိုပါ သမ္မတ၏ သဝဏ်လွှာအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၂ရက်က ကျရောက်သည့် နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရဲ့ အရင်းခံဟာ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ အချင်းချင်း အပြန်အလှန် ညှိနှိုင်းတိုင်ပင်ပြီး ပြည်ထောင်စုကြီးတစ်ရပ် တည်ဆောက်မယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ဟာ ပြည်ထောင်စုစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုမရှိဘဲ၊ ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ပါ”ဟု သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးနှင့် စီးပွားရေးမှာ ဒွန်တွဲလျက်ရှိပြီး စီးပွားရေးမူဝါဒကို အခြေခံသည့် အုတ်မြစ်များထဲမှ အရေးကြီးဆုံးအချက်တစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသာဖြစ်ကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

လက်ရှိ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ပတ်သက်၍ ရှမ်းပြည်တောင်ပိုင်း၊ လွပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်တွင် ပြုလုပ်သည့် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်မှတ်ထိုးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

“ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ကျွန်မတို့ရဲ့ (၂၁)ရာစု ပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ ကျွန်မတို့အားလုံးဟာ ပြည်သူပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက်ထိ နှလုံးစိတ်ဝမ်းအေးချမ်းကြမလဲ။ ဘယ်လောက်ထိကျေးဇူးတင်ကြမလဲ။ ဘယ်လောက်ထိ ပီတိဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သမ္မတပေးပို့သော သဝဏ်လွှာတွင် နှစ်(၇ဝ) မြောက် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက် ၄ ရပ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်ရေး၊ အမျိုးသားစည်းလုံးညီညွှတ်မှု ခိုင်မာအောင် တည် ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုဘဝတိုးတက်မြင့်မားရေး စသည့် အချက် ၄ ချက်ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်ကြရန်အတွက်လည်း တိုက်တွန်းပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly