ရာဇဝင်တွင်တဲ့ ပင်လုံကျောက်တိုင် (သို့မဟုတ်) ၂၀၁၃ခုနှစ်က ပင်လုံမြို့သို့ လေ့လာခြင်း

ရာဇဝင်တွင်တဲ့ ပင်လုံကျောက်တိုင် (သို့မဟုတ်) ၂၀၁၃ခုနှစ်က ပင်လုံမြို့သို့ လေ့လာခြင်း
ယခုဆောင်းပါးသည် ၂၀၁၃ခုနှစ်က ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့သို့သွားရောက်ရေးသားခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရလက်ထက်က ပင်လုံမြို့က ပင်လုံကျောက်တိုင်ဝန်းကျင် အခြေအနေ နှင့် ယခု ၂၀၁၇ အခြေအနေကို သုံးသပ်နိုင်ရန် နှင့် ယနေ့ကျရောက်သည့် နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့အခမ်းအနားအထိမ်းအမှတ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

ကျွန်မတို့ စီးနင်းလိုက်ပါလာတဲ့ ကားလေးဟာ တောင်ပတ်လမ်းအတိုင်း တစ်တောင်ပြီး တစ်တောင် ဖြတ်ကျော် လာခဲ့ပါတယ်။ ကျွန်မတို့သွားရမယ့်နေရာက တောင်ကြီးမြို့ကနေ သုံးနာရီ (မိုင် ၉၀ နီးပါး) လောက် ကားမောင်း သွား ရတဲ့နေရာပါ။ တောင်ကြီးကအထွက်ကတည်းက လမ်းတစ်လျှောက် တောင်တန်းတွေ၊ စိုက်ခင်းတွေ၊ ရှုခင်းတွေကို တဝကြီး ငေးမောလာခဲ့တယ်။ ရန်ကုန်မှာ ဒီလိုရှုခင်းမျိုးနဲ့ ဒီလိုလေကောင်း လေသန့်မျိုးရနိုင်ဖို့ မလွယ်ကူဘူးလေ။

ကျွန်မတို့သွားမယ့်နေရာက မြန်မာနိုင်ငံသမိုင်းမှာ အထင်ကရရှိခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ တောင်တန်း
ဒေသက တိုင်းရင်းသားတွေနဲ့ ပြည်မကပြည်သူတွေ နားလည်မှုရဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသား
ခေါင်းဆောင်ကြီးတွေ သွားရောက်လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံကျောက် တိုင်ပင်ဖြစ်တယ်။

ဒီလို သမိုင်းမှတ်တိုင်နေရာကိုသွားရဖို့ဆိုတော့ ကျွန်မစိတ်လှုပ်ရှားနေမိခဲ့တယ်။ အတွေးထဲမှာလည်း ဒီလိုဝေးလံပြီး အန္တရာယ်များလှတဲ့ တောင်ပတ်လည်းတွေကို ဗိုလ်ချုပ်တို့ ဘယ်လိုဖြတ်ကျော်ခဲ့လဲဆိုတာ စဉ်းစားနေ မိတယ်။
တောင်ကြီးကထွက်လာပြီး လမ်းတစ်လျှောက်မှာ ဟိုပုံး၊ မိုင်းပွန်မြို့၊ လွယ်လင်မြို့တို့ ကိုဖြတ်လာခဲ့ရတယ်။ ပင်လုံမြို့က လွယ်လင်မြို့အောက်မှာရှိတဲ့ မြို့လေးတစ်မြို့ပါ။

မိုင်းပွန်မြို့ကို ဖြတ်ကျော်ပြီးတဲ့အချိန်မိုးကအနည်းငယ်ရွာလာတယ်။ တောင်ပတ်လမ်းတစ်နေရာမှာတော့ မိုးရေကြောင့် မြေပြိုကျတာနဲ့ ကြုံခဲ့ရပါသေးတယ်။ အဲဒီနောက်လွယ်လင်ကနေ ပင်လုံကိုရောက်တယ်။

ပင်လုံမြို့လေးရဲ့ တခြားမြို့တွေထက်ထူးခြားတဲ့အချက်က မြို့အဝင်မှာမြို့ကို တံတိုင်းခတ်ထားသကဲ့သို့ လမ်းရဲ့ တစ်ဖက်တစ်ချက်ဆီမှာ ရှမ်းတိုင်းရင်းသားတစ်ဦး ဗုံတီးနေပုံနဲ့ နောက်တစ်ဖက်မှာတော့ ပင်လုံကျောက်တိုင်ပုံ ရုပ်ကြွထုထားပါတယ်။ မြို့ထဲကိုဝင်ပြီး မိနစ် ၂၀ ခန့် ကားမောင်းပြီးတော့ ပင်လုံကျောက် တိုင်ကိုရောက်ပါတယ်။

ကျွန်မရောက်ဖူးချင်တဲ့ ပင်လုံကျောက်တိုင်ကြီးက တစ်သီးတစ်သန့်နဲ့ တိတ်တိတ်ဆိတ်ဆိတ်ရှိနေတယ်။ လမ်းပေါ် က လှမ်းကြည့်ရင်တော့ ကျောက်တိုင်ကိုမြင်ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၀ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွှန့်က ဒီနေရာမှာ ဘုရားတစ်ဆူ လာတည်ထားတဲ့ အတွက်ဖြစ်တယ်။ ဧည့်သည်တွေ ကို ကျောက်တိုင်အကြောင်းလာရှင်းပြတဲ့ ရပ်မိရပ်ဖဖြစ်သူ ဦးစိုင်းလုံက လိုက်ရှင်းပြတယ်။ သူကဒီဘုရားရဲ့ ဂေါပက ဝင်တစ်ဦးဖြစ်သလို ရှမ်းစာပေယဉ်ကျေးမှုအသင်းမှာလည်း နာယကတစ်ဦး ဖြစ်တယ်။ 

ဗိုလ်ချုပ်တို့ ပင်လုံစာချုပ်ကိုရေးထိုးခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ဒီကျောက်တိုင်ကိုဆောက် လုပ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အပါအဝင် ရှမ်းစော်ဘွားတွေဖြစ်တဲ့ ခွန်ပန်းစိန်၊ စဝ်ဟုံဖ၊ စဝ်နွံတို့နဲ့
တောင်ပိုင်း၊ ညောင်ရွှေ၊ မြောက်ပိုင်းက သိန်္ဒီနဲ့လဲချားတို့က စော်ဘွားနဲ့ ရှမ်းကိုယ်စားလှယ်တွေ ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဗန်းမော်ကအကြီးအကဲတွေဖြစ်တဲ့ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဇော်ရစ်၊ ဒိန်ရတန်၊
ဇော်လတို့လည်းပါတယ်။ ချင်းပြည်နယ်က ဦးလွှာမှုန်း၊ ဦးထောင်ဇာခုပ်၊ ဦးကီယိုမိန်း တို့ကလည်းပါတယ်။ သူတို့တွေက လူအများရှေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာ။ လက်မှတ်ရေးထိုးပြီး ယခုကျောက်တိုင်
နေရာမှာ သပြေတိုင် စိုက်ခဲ့ကြတာပါ။ 

ဗိုလ်ချုပ်တို့ပင်လုံကို လာတဲ့ပုံက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ခေါင်းဆောင် ခုနစ်ဦးက မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တောင်တန်းပြည်မပူးပေါင်းဖို့ မိတ်္ထီလာဘက်ကနေ ရှမ်းပြည်ကို လာခဲ့ကြတယ်။ အဲဒီမှာ မိတ်္ထီလာ၊ သာစည်၊ ညောင်ရွှေ၊ ရွှေညောင်၊ တောင်ကြီး၊ လွိုင် ကော်၊ ကလော၊ ဟဲဟိုး၊ ပင်းတယ၊ ရပ်စောက်၊ အောင်ပန်း၊ ဟိုပုံး၊ မိုင်းပွန်စတဲ့ ဒေသတွေက လယ်သမားတွေကို ခေါ်လာတယ်။
တောင်တန်း-ပြည်မအားလုံးပါတဲ့ ညီလာခံကို ပင်လုံမှာလုပ်ဖို့အတွက် ခေါ်လာရ တာဖြစ်ပြီး သူတို့ဟာကားကြီး၊ ကားငယ်အစီး ၆၀နဲ့ လာကြတာဖြစ်တယ်။

ညီလာခံကို ဖေဖော်ဝါရီ ၉ ရက်မှာ ယခုပင်လုံကျောက်တိုင်ဆောက်ထားတဲ့နေရာမှာပဲ လုပ်ကြတယ်။ ပင်လုံစာချုပ် ကို လက်မှတ်ထိုးဖို့ တချို့စော်ဘွားတွေက သဘောမတူကြဘူး။ အဲဒီအတွက် ဖေဖော်ဝါရီ ၁၀ ရက်၊ ၁၁ ရက်တွေ မှာ ဆက်ပြီး ညှိနှိုင်းကြတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ ပင်လုံစာချုပ် ကိုချုပ်ဆိုနိုင်ခဲ့ပြီး အဲဒီနေ့ကို ယနေ့ အထိ ပြည်ထောင်စုနေ့လို့ သတ်မှတ်ထားကြတယ်။

ပင်လုံကျောက်တိုင် (တောင်တန်း-ပြည်မ ပူးပေါင်းဆောင်ရွက်ရေး ကမ္ဗည်းကျောက်တိုင်) ကိုတော့ ၁၉၅၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှာ ပင်လုံမြို့စားဦးစံမြကဦးဆောင်ပြီး ပန်းရံဆရာဦးထွေးက ဆောက်လုပ်ခဲ့တာပါ။ အဲဒီ အချိန်က ငွေကျပ် ၄၁၀၀ ကုန်ကျခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး ဆယ်နှစ်အကြာ ၁၉၇၂ ခုနှစ်မှာ
တော့ ကျောက်တိုင်ကို လမ်းဘက်ကိုပြန်လှည့်ခဲ့ပြီး ပြည်မတောင်တန်း ပူးပေါင်းဆောင်ရွက်ရေး ကမ္ဗည်း
ကျောက်တိုင်ရယ်လို့ ဖြစ်သွားတယ်။ ဒီကျောက်တိုင်ကို ဘာကြောင့်လှည့်တယ်။ ကျောက်တိုင်ပေါ်က စာသားကို ဘယ်သူ့အမိန့်နဲ့ ဘာကြောင့်ပြောင်းခဲ့တယ်ဆိုတာ မသိရပါဘူး။ ဒီလို စာသားပြောင်းလဲတာကို ဒေသခံတွေအနေနဲ့ မကြိုက်ကြပေမယ့် မပြောရဲကြဘူး။

ပင်လုံကျောက်တိုင်နေရာမှာအရင်က ပြည်ထောင်စုနေ့ဆို အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေရှိပေမယ့် မဆလ
ခေတ် ကစပြီး ဘာပွဲတော်မှလုပ်ခွင့်မရတော့ဘူး။ ပင်လုံကို လျစ်လျူရှုခံခဲ့ရတာ အခုထိပါပဲ။ ၂၀၀၀ ခုနှစ် မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်တစ်ခေါက်လာကြည့်ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွှန့်လာပြီး ပင်လုံကျောက်တိုင်ရှေ့မှာ ဘုရားတည်ခဲ့တယ်။ အဲဒီနောက်ပိုင်းတော့ ဘယ်အစိုးရ အဖွဲ့အစည်းမှလည်း မလာကြ ဘူးလို့ ပင်လုံဒေသခံတွေက ပြောကြတယ်။

ဒီလို သမိုင်းအထင်ကရရှိခဲ့နေတဲ့ ဒေသမှာအခုဆိုရင် ဘိန်းစိုက်ပျိုးမှုတွေလည်း ရှိနေတယ်။ အရင်က လူသူ အရောက် အပေါက်မရှိတဲ့ တောထဲတောင်ထဲမှာပဲ စိုက်ကြပေမယ့် တဖြည်းဖြည်း လူတွေနေထိုင်တဲ့ နေရာနဲ့ အနီးဝန်းကျင်အထိ ဘိန်းစိုက်ခင်းတွေရောက်လာပြီလို့ ပင်လုံမြို့က စာပေလှုပ်ရှားမှုလုပ်နေတဲ့ လူငယ်တွေက
ပြောပြကြတယ်။

အခုအစိုးရသစ်တက်ပြီး နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေက ဒုတိယပင်လုံ လုပ်မယ်ဆိုတာတွေ ပြောလာကြတယ်။ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကလည်း ပင်လုံကဲ့သို့ ညီလာခံ ကျင်းပမယ်ဆိုတာတွေ ပြောနေကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကြိုးပမ်းခဲ့လို့ ဖြစ် တည်လာရတဲ့ ပင်လုံ စာချုပ်အထိမ်းအမှတ် ကျောက်တိုင်ဆီကိုတော့ ပြုပြင်စောင့်ရှောက်ခြင်း မရှိခဲ့ကြပါဘူး။ ပင်လုံမြို့က
ဒေသခံတွေကလည်း ဒုတိယပင်လုံဆိုတာကို ဘာခံစားချက်မှမရှိဘူးလို့ ပြောကြပါတယ်။

ကျွန်မ နားလည်သဘောပေါက်မိတာကတော့ ပင်လုံဒေသခံတွေရယ်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား ဘယ်သူ မဆို နောက်ထပ်လုပ်မယ့် တိုင်းရင်းသားညီလာခံဆိုတာမျိုးထက် ဗိုလ်ချုပ်အောင်ဆန်းတို့ တည်ဆောက်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်ကိုလက်တွေ့မှာ အကောင်အထည်ဖော်ဖို့က ပိုပြီးအရေးကြီးတယ်လို့ပဲ ထင်မြင်မိပါတယ်။

 

ယခုဆောင်းပါးသည် ၂၀၁၃ခုနှစ်က ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့သို့သွားရောက်ရေးသားခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရလက်ထက်က ပင်လုံမြို့က ပင်လုံကျောက်တိုင်ဝန်းကျင် အခြေအနေ နှင့် ယခု ၂၀၁၇ အခြေအနေကို သုံးသပ်နိုင်ရန် နှင့် ယနေ့ကျရောက်သည့် နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့အခမ်းအနားအထိမ်းအမှတ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly