ကမ္ဘောဒီးယား စာရေးဆရာမတစ်ယောက်၏ စစ်အတွင်း ဘဝအတွေ့အကြံု မှတ်တမ်း အကြောင်းကို ရိုက်ကူးမယ့် အိန်ဂျလီနာ ဂျိုလီ

ကမ္ဘောဒီးယား စာရေးဆရာမတစ်ယောက်၏ စစ်အတွင်း ဘဝအတွေ့အကြံု မှတ်တမ်း အကြောင်းကို ရိုက်ကူးမယ့် အိန်ဂျလီနာ ဂျိုလီ

နယူးယော့ခ်၊ ဇူလိုင် ၂၄ ။      ။ ဟောလိဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီသည် ကမ္ဘောဒီးယား စာရေးဆရာမ တစ်ယောက်၏ စစ်အတွင်း ဘဝအတွေ့အကြုံမှတ်တမ်း ဇာတ်ကားကို Netflix ကုမ္ပဏီနှင့်အတူ ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်က Netflix မီဒီယာကုမ္ပဏီအွန်လိုင်းတွင် ဖော်ပြ ထားသည်။

အသက် ၄၀ နှစ်အရွယ်ရှိ ဂျိုလီသည် ၁၉၇၅ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချုပ်သည့် ခမာအစိုးရလက်ထက်အတွင်း ကမ္ဘော ဒီးယားနိုင်ငံသားစာရေးဆရာမ တစ်ဦးဖြစ်ပြီး တက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်သူ လျောင်အန်၏ ကလေးစစ်သားဘဝ အတွေ့အကြုံ မှတ်တမ်းကို အခြေခံကာ ရိုက်ကူး မည့် First They Killed My Father: A Daughter of Cambodia Remembers ဇာတ်ကား ကို ဒါရိုက်တာလုပ် ရိုက်ကူးကာ ထုတ်လုပ်သွားမည် ဖြစ်သည်။

“ဒီကားဟာ စစ်အတွေ့အကြုံရှိတဲ့ ကလေးများကို ဘယ်လို နားလည်ရမယ်ဆိုတဲ့ ကျွန်မရဲ့ နားလည်မှုကို ပိုမိုနက်ရှိုင်းစေပါတယ်။ စစ်အတွင်း စိတ်ထိခိုက် ဖွယ်ရာ အကြောင်း အရာများက ကလေးတွေအပေါ် ဘယ်လို အကျိုး သက်ရောက်မှု ရှိတယ်ဆိုတာ ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်စေပါ တယ်။ သားဖြစ်သူရဲ့ မွေးရပ်မြေဖြစ်တဲ့ ကမ္ဘောဒီယားမှာရှိတဲ့ ပြည်သူတွေနဲ့ ကျွန်မကို အကျွမ်း တဝင် ရှိစေပါတယ်” ဟု ဂျိုလီက ပြောကြားသည်။

ဂျိုလီနှင့် အန်တို့သည် ဇာတ်ညွှန်းကို ပူးတွဲရေးသားထားပြီး ဂျိုလီ၏ ကမ္ဘောဒီယားနွယ်ဖွား သားဖြစ်သူ မက်ဒေါ့ဇ်သည်လည်း ဇာတ်ကားတွင် ပါဝင်မည်ဖြစ်ကြောင်း Netflix က ပြောကြားသည်။

အဆိုပါဇာတ်ကားကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် Netflix အွန်လိုင်းဝန်ဆောင်မှုတွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး အဓိကကျသော ရုပ်ရှင်ပွဲတော်များတွင် ဝင်ရောက်ပြသသွားမည်ဖြစ်သည်။ အဆိုပါ ဇာတ်ကားသည် ဒါရိုက်တာလုပ်ကာ ရိုက်ကူးသည့် ဂျိုလီ၏ စတုတ္ထမြောက် ဇာတ်ကားဖြစ်လာ မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ၎င်း ရိုက်ကူးထားသော Unbroken ဇာတ်ကားသည်အောင်မြင် မှုရရှိခဲ့ သည်။

“ ဒီ ဇာတ်ကားမျိုးတွေကို ကြည့်ရဖို့ ခဲယဉ်းလှပါတယ်။ ရိုက်ကူးတဲ့ နေရာမှာလည်း အခက် အခဲတွေ ရှိပါတယ်။ ဒီ ဇာတ်ကားဟာ လူအများအပြားကို စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေမှာပါ။ ဇာတ်ကားကို ခမာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်လွှင့် သွားမှာဖြစ်ပါ တယ်” ဟု Netflix က ပြော ကြားသည်။

၁၉၇၅ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံကို ခမာအစိုးရအုပ်ချုပ်ခဲ့ပြီး လေးနှစ်ကြာ အကြမ်းဖက်မှု များ စတင်ခဲ့ပြီး မျိုးဖြုတ်သတ်ဖြတ်မှု အတွင်း ကမ္ဘောဒီးယားလူမျိုး နှစ်သန်းကျော် သေဆုံးခဲ့သည်။ အန်တို့ မိသားစုသည် ဖနွမ်းပင်မြို့မှ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် အန်သည် မိဘမဲ့ကလေးများအတွက် အလုပ်စခန်းတွင် ကလေးစစ်သားတစ်ယောက်အဖြစ် လေ့ကျင့်ခံခဲ့ရပြီး ၎င်း၏ ညီအစ် ကိုမောင်နှမ များသည် အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

အန်သည် စစ်အတွင်း အသက်ရှင်နေထိုင်ခဲ့ရပုံများကို First They Killed My Father: A Daughter of Cambodia Remembers အမည်ဖြင့် စာအုပ်ရေးသားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည်။ ဂျိုလီသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုက အဆိုပါစာအုပ်ကို ဖတ်ခဲ့ပြီး အန်နှင့် ဆက်သွယ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရင်းနှီးခဲ့ကြပြီး နောက်ပိုင်းတွင် အဆိုပါ စာအုပ်ကို အခြေခံကာ ဇာတ်ကားအတူ ရိုက်ကူးရန် လက်ခံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly