လူငယ်တွေအတွက် Barcamp TU Hinthada 2017 ကျင်းပမည်

လူငယ်တွေအတွက် Barcamp TU Hinthada 2017 ကျင်းပမည်

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၁ ။         ။ တတိယအကြိမ်မြောက် ဘားကမ့်ကို နည်းပညာတက္ကသိုလ်(ဟင်္သာတ) ၌ ဖေဖော်ဝါရီ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ဟင်္သာတ)၌ ၂၀၁၅ ခုနှစ်မှ စတင်၍ ဘားကမ့်များကျင်းပလာခဲ့ရာ ယခုနှစ်သည် သုံးကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။ ပထမအကြိမ်တွင် တက်ရောက်သူ ၁၅၀၀ခန့် ဒုတိယအကြိမ်တွင် တက်ရောက်သူ ၂၅၀၀ ခန့်ရှိခဲ့ကာ ယခု တတိယအကြိမ်တွင် တက်ရောက်သူ ၃၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း Barcamp Organizer Team ထံမှ သိရသည်။

Organizer Team leader ဖြစ်သူ ကိုမျိုးသူရကိုကိုက "ဒီနှစ်ဘားကမ့်မှာ ထူးထူးခြားခြား ဖြစ်အောင် Audino Workshop တစ်ခုကို ထည့်သွင်းထားပါတယ်။ အခုနောက်ပိုင်း ဘားကမ့် အတော်များများက Presention ပုံစံနဲ့ပြီးသွားပြီး အပြန်အလှန်ဆွေးနွေးမှု အားနည်းလာတာ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ဘားကမ့်မှာ အများကနေ အများ (many to many)ပုံစံ ဖြစ်အောင် ကြိုးစားစီစဉ်ထားပါတယ်။ ဆွေးနွေးဖို့အချိန်တွေ တိုးပေးထားပြီး သီးသန့်အုပ်စုဖွဲ့ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရအောင် နေရာတွေလည်း စီစဉ်ထားရှိပါတယ်။" ဟု ဖြေကြားသည်။

ထို့နောက် ၎င်းကဆက်လက်၍ "ကျနော့်က နယ်မြို့ဖြစ်တော့ ဘားကမ့်သဘောသဘာဝကို အတော်များများက နားမလည်ကြဘူး။နယ်ဖြစ်တာကြောင့် ဦးဆောင်ဆွေးနွေးပေးမယ့်သူလည်း နည်းပါတယ်။ ဒါကြောင့် နယ်ပယ်အစုံက လူတွေကို ဘားကမ့်ကို လာရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ထားရတာလည်း ရှိပါတယ်။ ကြိုတင်ရရှိလာတဲ့ ဆွေးနွေးပေးမယ့် ခေါင်းစဉ်တွေကို ကြိုတင်ကြေညာထားပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူထားပါတယ်။ ဒါပေမယ့် ဒါဟာ ဘားကမ့် သဘောသဘာဝနဲ့ အနည်းငယ် လွဲနေပေမယ့် ဒေသအခြေနေအရ အလုပ်ဖြစ်ပါတယ်" ဟု ဖြေကြားသည်။

အဆိုပာ ဘားကမ့်တွင် အလုပ်အကိုင်အခွင့်အရေးများ ရရှိအောင် စီစဉ်ထားမှုများ ရှိနေပြီး ဘားကမ့်နှင့်သက်ဆိုသည့် သတင်းအချက်အလက်များအား Barcamp TU Hinthada 2017 အမည်ရှိ Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ဘားကမ့်မှ အသိပညာ အတတ်ပညာ အလုပ်အကိုင်အခွင့်အလမ်းများ အထွေထွေဗဟုသုတများအပြင် မိမိရင်ဖွင့်လိုရာကို ရင်ဖွင်ပြီး ဝါသနာတူရာများ တွေ့ရှိနိုင်သောကြောင့် မိတ်ဆွေအသစ်များလည်း တစ်နေရာတည်းတွင် ရရှိနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly