ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာတွင် တောင်သူများ မတရားအမှုဖွင့် ဖမ်းဆီးခံနေရကြောင်း ပြော

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာတွင် တောင်သူများ မတရားအမှုဖွင့် ဖမ်းဆီးခံနေရကြောင်း ပြော

မုံရွာ၊ ဖေဖော်ဝါရီ ၁၁။                ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် တောင်သူ ၂၅ ဦးမှာ မတရားအမှုဖွင့်ဖမ်းဆီးခံနေရကြောင်း ယင်းကျေးရွာဒေသခံများက   ပြောသည်။

အဆိုပါကျေးရွာမှ ဖမ်းဆီးခံထားရသောတောင်သူများအတွက် သတင်းစာရှင်းလင်းပွဲကို မုံရွာမြို့၊ ဖိုတိုစားသောက်ဆိုင်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပခဲ့ပြီး ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

" အမှု သုံးမှုနဲ့ တရားစွဲထားတယ်။ စုစုပေါင်း တောင်သူ ၂၅ ဦးရှိတယ်။ လက်ရှိ ၅ ဦးက အချုပ်ထဲမှာ ရောက်နေတယ်။ ကိုယ့်လယ်ကို ရိတ်သိမ်းတာကို ခိုးမှုနဲ့ အမှုဖွင့်ခံရတာပါ။ အသက် ၇၇ နှစ်အရွယ်ထိ အချုပ်ကျခံနေရတာပါ" ဟု သတင်းစာရှင်းလင်းပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ဦးမင်းလွင်က ပြောသည်။

ကိုးတောင်ဘို့ကျေးရွာအုပ်စုမှတောင်သူများသည် ပုံစံ ၇ ရရှိပြီးဖြစ်သော မိမိတို့ လယ်ယာမြေများပေါ်တွင် စိုက်ပျိုးကြသော်လည်း အင်းနယ်နမိတ်တွင် ပါဝင်သည်ဟုဆိုကာ အင်းသူကြီးနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တရားစွဲဆိုထားကြောင်း ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

"မနှစ်က ဒေါင်းမြူချောင်းရေကြီးတော့ ပုံစံ ၇ ရပြီးသား လယ်ယာမြေတွေဆီထိ ရေလျှံလာတယ်။ အဲ့ဒါကို အင်းရေပြင်နယ်နမိတ်ဖြစ်ပါတယ်ဆိုပြီး တောင်သူတွေကို ငါးခိုးမှုနဲ့ တရားစွဲတယ်" ဟု တရားစွဲဆိုခံရသူတောင်သူတစ်ဦးက ပြောသည်။

ယင်းသို့ တရားစွဲဆိုခံရခြင်းကြောင့် ၅ လခန့် ချုပ်နှောင်ခံခဲ့ရပြီး ယနေ့အချိန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ အာမခံရယူထားပြီး ကန့်ဘလူမြို့နယ် တရားရုံးတွင် ဖြေရှင်းနေရကြောင်း သူက ဆက်လက်ပြောသည်။

အဆိုပါ တရားစွဲခံတောင်သူများအတွက် အစိုးရမှအမြန်ဆုံးဖြေရှင်းပေးပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံထံတွင် တင်ပြထားကြောင်း၊ ပြေလည်မှုမရှိပါက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly