နောက်မျိုးဆက်ရောက်တဲ့အခါ မြန်မာပြည် ကြီးပွားချမ်းသာနေတာဖြစ်ဖို့အတွက် ဒီကနေ့လူတိုင်းမှာ တာဝန်ရှိတယ် (ဟံသာဝတီ ဦးအုန်းကြိုင်)

နောက်မျိုးဆက်ရောက်တဲ့အခါ မြန်မာပြည် ကြီးပွားချမ်းသာနေတာဖြစ်ဖို့အတွက် ဒီကနေ့လူတိုင်းမှာ တာဝန်ရှိတယ် (ဟံသာဝတီ ဦးအုန်းကြိုင်)
 

မြန်မာနိုင်ငံလွပ်လပ်ရေးရအောင် ဖော်ဆောင်နိုင်ခဲ့ပြီး ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ သမိုင်းဝင် ပြည်ထောင်စုနေ့အတွက် ရည်ရွယ်ပြီးတော့ ပုဂ္ဂိုလ်တစ်ဦးကို မဇ္ဈိမကနေ မေးမြန်းထားပါတယ်။ သူကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပင်လုံညီလာခံကို ဖြတ်သန်းခွင့်ရခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ပါ။

မေး- လွတ်လပ်ရေးနဲ့အတူ ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ထောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက်ထိ စိတ်အားထက်သန်နေခဲ့လဲဆိုတာကို ပြောပြပေးပါ။

ဖြေ- ဗိုလ်ချုပ်ရဲ့ ကြိုးစားမှုကို ပြန်လေ့လာမယ်ဆိုရင် ဗိုလ်ချုပ်က အင်မတန်ပင်ပန်းတယ်။ အဲဒီကာလမှာ တောက်လျောက်ခရီးတွေထွက်တယ်။ လွတ်လပ်ရေးအတွက်။ အင်္ဂလန်က ချက်ချင်းပြန်ချလာ၊ ပြန်လာပြီး တောင်ကြီး ချက်ချင်းဆင်း။ အဲဒီကာလဟာ အခု သမီးတို့ အဘတို့ခေတ်လို လမ်းခရီး ချောချောမွေ့မွေ့မဟုတ်ဘူး။ တောင်ကြီးရောက်ဖို့ဆိုတာ မော်တော်ကား ဖွတ်ချက်၊ ဖွတ်ချက်နဲ့ သွားရတာ။ ခက်ခက်ခဲခဲတွေ။ ဒါကို သူအပင်ပန်းခံ၊ စိတ်ရှည်ခံပြီး သွားတယ်။ သွားပြီးတော့ ဟိုရောက်တဲ့အခါကြတော့ ဗြိတိသျှတွေ သွေးခွဲလို့ သွေးကွဲနေတဲ့ တိုင်းရင်းသားတွေဟာ သိပ်ပြီး မကျေမနပ်တွေ တွေ့ရတယ်။ ဆိုတော့ သူပြန်မယ်အထိဖြစ်တယ်။ သို့သော် လွတ်လပ်ရေးကိုတပေါင်းတစည်းတည်းယူမှာသာလျှင် ပြည့်စုံမယ်လို့ သူနားလည်တယ်။ အဲဒီအတွက် သူသည်းခံတယ်။ အကြိမ်ကြိမ်သည်းခံတယ်။ သည်းခံပြီးမှ သူအရယူတာ။

မေး- ပင်လုံစာချုပ်ကို လိပ်ခဲတည်းလည်း ဖြစ်ပြီးမှ ရေးထိုးခဲ့ရတယ်လို့ သိရပါတယ်။အဲဒီလို ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ အတွေ့အကြုံကိုလည်း သိချင်ပါတယ်။

ဖြေ- ပင်လုံအစည်းအဝေးက ၆ရက်နေ့ကတည်းက စနေတယ်။ စနေတာ ချင်းနဲ့ ရှမ်းနဲ့ ညှိတယ်။ ချင်းတွေနဲ့ ရှမ်းတွေနဲ့ညှိပြီး သူတို့ မူတွေချတယ်။ သဘောထားတွေ၊ အမြင်တွေ ညှိတယ်။ အဲဒီအချိန်မှာ ကချင်က ဘာဖြစ်လာလဲဆိုတော့ သူလွတ်လပ်ရေးရရင်လည်း ဗမာတွေနဲ့ ပေါင်းပြီး ယူပင်ယူညားသော်လည်း သူ့ကို သီးခြားပြည်နယ်အဖြစ် သတ်မှတ်ပေးပါဆိုတဲ့ တောင်းဆိုချက်တစ်ရပ် တက်လာတယ်။ တက်ထားတော့ ဗိုလ်ချုပ်က ပင်လုံကို ၇ရက်နေ့၊ ည ၈ နာရီ ရောက်တယ်။ ၈ ရက်နေ့ နေတယ် တစ်ရက်။ ရှမ်းစော်ဘွားတွေနဲ့၊ ကချင်တွေနဲ့၊ ချင်းတွေနဲ့ ဝိုင်းဖွဲ့ဆွေးနွေးတယ် အင်္ဂလိပ်တွေနဲ့။ ၁၀ ရက်နေ့ ရောက်လာတယ်။ အဲဒီတော့မှ ညှိကြတဲ့အခါကြတော့ ခုနက သီးခြားတောင်းတာတွေ ဘာတွေဖြစ်လာတယ်ဆိုတော့ ဗိုလ်ချုပ်အတော် ဒေါကန်နေပြီ။ ဒေါကန်ပြီး ပြန်မယ်။ သူဆက်မဆွေးနွေးတော့ဘူးဆိုတဲ့အချိန်မှာ အားလုံးက ဝိုင်းတောင်းပန်တယ်။ ရှမ်းပြည်က ဦးတင်အေးတို့ ဘာတို့ရော၊ အားလုံးက ခုနကပုဂ္ဂိုလ်တွေအားလုံး ဝိုင်းတောင်းပန်ပြီးတော့ ဗိုလ်ချုပ်ကိုတားတော့ ဗိုလ်ချုပ်နေတဲ့အချိန်မှာ ရှမ်းစော်ဘွားတွေထဲက တိုးတက်တဲ့အမြင်ရှိတဲ့ တောင်ပိုင်စော်ဘွားကြီး ခွန်ပန်းစိန်၊ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ နောက် ပင်လုံစော်ဘွားကြီး စဝ်စံထွန်း သူတို့သုံးယောက်က ဗိုလ်ချုပ်ကို လာဖိတ်ပြီးတော့ အစည်းအဝေးခေါ်တယ်။ ဗိုလ်ချုပ်လိုက်သွားတယ်။ အဲဒီမှာ စ စကားပြောတာပဲ။ ဗိုလ်ချုပ်က ဘာပြောလဲဆိုတော့ ခင်ဗျားတို့ ကျုပ်တို့ သိပ်မကြာခင်မှာ လွတ်လပ်ရေးရမယ်။ ဗမာပြည် လွတ်လပ်ရေးရတော့မယ်။ ဒီလွတ်လပ်ရေး ယူတဲ့အခါမှာ ခင်ဗျားတို့ ပါချင်လည်းပါ၊ မပါချင်လည်းနေ။ ကျုပ်  တစ်ယောက်မှ မခေါ်ဘူး။ ခင်ဗျားတို့ စိတ်ဆန္ဒရှိသလိုလုပ် ဆိုပြီး ဘုပြောတာ။ အဲဒီတော့ အားလုံးက သဘောပေါက်သွားတယ်။ မဟုတ်ဘူး၊ သူတို့တပေါင်းတစည်းတည်း ယူပါ့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချတယ်။ အဲဒါနဲ့ ညှိကြတဲ့အခါမှာ ၁၁ ရက်နေ့ည ပင်လုံစာချုပ်ကြီးရဲ့ မူကြမ်းကို ရေးကြတယ်။ ရေးပြီး ၁၂ ရက်နေ့ မနက်မှာ အကုန်လုံးစုပေါင်းပြီး လက်မှတ်ထိုးကြတယ်။

မေး- အခုဖြစ်တည်နေတဲ့ အခြေအနေအပေါ် ဗိုလ်ချုပ်အောင်ဆန်းသာရှိခဲ့မယ်ဆိုရင် ဘာတွေပြောမယ်လို့ ဘဘ ထင်ပါသလဲ။

ဖြေ- ညစာစားပွဲ(ပင်လုံ)မှာ ၁၁ ရက်နေ့ သူ(ဗိုလ်ချုပ်အောင်ဆန်း) ဘာပြောသလဲဆိုတော့ “ကျုပ် ဂျပန့်ခေတ်တုန်းက ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့တုန်းက ကရင်စစ်သားတစ်ယောက်က ပြောတယ်။ အဲဒါ ကျုပ် ကောင်းကောင်းမှတ်မိတယ်။ ဗမာက ဖဲရိုက်တယ်၊ ကရင်က ငါးမျှားတယ်၊ ရှမ်းက ဘိန်းရှူတယ်။ အားလုံးအတူတူနဲ့ အနူနူပဲ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်မဖို့ စတမ်း” လို့ ပြောခဲ့တယ်။ အခုလည်း ဒီအတိုင်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းစကားနဲ့ ပြောရရင် ဖာနိုင်ငံ ဖြစ်မယ်လို့ ပြောမှာပဲ။ ဟုတ်လား။ အခုက ဖာနိုင်ငံတင်မဟုတ်ဘူး။ ဖာထက်စုတ်ပြတ်တဲ့နိုင်ငံ မရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကယ်ဆယ်နေတယ်။ ဒီလိုတော့ အဘဖြေချင်တယ်။

မေး- ဘဘ ကြုံတွေ့ခဲ့ရတဲ့ ပင်လုံညီလာခံရဲ့ အခင်းအကျင်းနဲ့ အခြေအနေကို ပြောပြပေးပါ။

ဖြေ- ပြည်ထောင်စုဖွဲ့စည်းဖို့ စိတ်ဓာတ်ဟာ အဘတို့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့က စတယ်။ ဗိုလ်ချုပ်ရောက်တာ ၈ ရက်နေ့ည ရောက်တယ်။ ၉ရက်၊ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက် ဆွေးနွေးပြီးတော့၊  ၁၂ ရက်နေ့မှာ သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ထိုးနိုင်တယ်။ အားလုံးပေါင်း ၂၃ ယောက်ပါတယ်။ အဲဒီပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့တဲ့ကိစ္စက ဘာပြောသလဲဆိုတာ အတိုချုပ်ပြောရင် လွတ်လပ်ရေး ဗမာတွေပေးသလို သူတို့လည်း ပေးပါ။ ဗမာတွေနဲ့ တန်းတူအခွင့်အရေးပေးပါ။ လွတ်လပ်ရေးရတဲ့အခါမှာလည်း ဗမာတွေနဲ့ တပေါင်းတစည်းတည်း ယူမယ်။ သီးခြားခွဲပြီး မယူဘူးဆိုတဲ့ မူချလို့ရတယ်။ ဒါပြည်ထောင်စု တပေါင်းတစည်းတည်း၊ ဒီမြေမှာနေတဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် တအူတုံဆင်း ညီအကိုမောင်နှမရင်းဖြစ်တဲ့ တိုင်းရင်းသားတွေဟာ တပေါင်းတစည်းတည်း လက်တွဲပြီးတော့ လွတ်လပ်ရေးအရယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။

မေး- လွပ်လပ်ရေးနဲ့အတူ သက်ဆိုးရှည်နေတဲ့ ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းအောင်လို့ အစိုးရ တပ်မတော်ဘက်ရော၊  လက်နက်ကိုင်အဖွဲ့အစည်းတွေကရော ဘာတွေပြင်ဆင်ရမလဲ၊  ဘယ်လိုတွေအချိန်ယူရမလဲ။ ဘာတွေဖြေလျော့ပေးရမလဲဆိုတာကို ဘဘ ပြောပြပေးပါ။

ဖြေ- တပ်မတော်ဟာ တစ်ခုတည်းရှိတယ်။ တပ်မတော်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေါက်ဖွားလာတာ။ ဒီတပ်မတော်ဆိုတာ ဗမာ့တပ်မတော်မဟုတ်ဘူး။ ပြည်ထောင်စုတပ်မတော်၊ ပြည်ထောင်စုဆိုတာ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုကြီး။ ဒီတပ်ထဲမှာလည်း တိုင်းရင်းသားပေါင်းစုံ၊ တိုင်းရင်းသား မိဘတွေက မွေးထားတဲ့ သားသမီးရတနာတွေ ပေါင်းစုထားတဲ့ တပ်မတော်ပဲ ဖြစ်တယ်။ ချင်းလည်း ပါတယ်၊ ကချင်လည်းပါတယ်။ ယုတ်စွအဆုံး ဂေါ်ရခါးတောင်ပါတယ်။ အဲ့လောက်အထိ ပြည့်စုံတဲ့တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၊ ဗမာ့တပ်မတော်လက်နက်ကိုင်အဖွဲ့အစည်းတို့ သွေးခွဲစကားပြောတဲ့ စကားသည် မှားတယ်။ ဒီတပ်မတော်ဟာ အခြေခံဥပဒေက ပေးအပ်ထားတဲ့တာဝန်အရ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ တိုင်းပြည်ကို ပြည်တွင်းရန် ပြည်ပရန် နှောင့်ယှက်သူမှန်သမျှကို ကာကွယ်တားဆီးရမယ်။ ပြည်သူတွေရဲ့ဘဝကို လုံခြုံရေးအတွက်။ တစ်နည်းအားဖြင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်စေရေးအတွက် တပ်မတော်မှာ တာဝန်ရှိတယ်။ ဒီနေ့ တပ်မတော်မှာ ဗမာက သေနာပတိဖြစ်ချင်ဖြစ်မယ်။ မနက်ဖြန်မှာ ချင်းက သေနာပတိ ဖြစ်ချင်ဖြစ်မယ်။ ကချင်က သေနာပတိ ဖြစ်ချင်ဖြစ်မယ်။ ဘယ်သူပဲ၊ ဘယ်လူမျိုးပဲ ၊ ဘယ်အမျိုးသားပဲဖြစ်ဖြစ် ဒါပြည်ထောင်စုသားတွေ။ ပြည်ထောင်စုသားတွေ ဦးစီးတဲ့ တပ်မတော်ရဲ့အမိန့်ကို တစ်သွေးတသံ အားလုံးနာခံရမှာ တို့တာဝန်ပဲ။ အဲ့ဒီစကားကို အဘ ဒီလောက်ဖြေရင် ပြေလည်ကောင်းပါတယ်။

မေး-အခု ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးပြန်လည် ကျင်းပပါတော့မယ်။ ဒီအစည်းအဝေးမှာ ဘာတွေ တိုးတက်ကောင်းမွန်လာမယ်လို့ ဘဘ ထင်ပါသလဲ။

ဖြေ- စိတ်ဓါတ်အရေးကြီးတယ်။ စိတ်ဓါတ်ဆိုတာ ဘယ်လောက်ပဲ သွေးခွဲသွေးခွဲ၊ ဘယ်လောက်ပဲ သွေးကွဲ၊ သွေးကွဲ၊ မှန်ကန်လာရင် ပြန်ညီညွတ်တာပဲ။ ညီညွတ်တဲ့နေ့ဟာ ငြိမ်းချမ်းရေးရတဲ့နေ့ပဲ။ အဲ့ဒီအတိုင်းပဲ တို့ မြန်မာပြည်ဟာ မကြာခင် ငြိမ်းချမ်းမယ်လို့ အဘယုံကြည်ပါတယ်။ အဘအသက် ၉၀ ပြည့်ခါနီးပြီ၊ အဘ မသေခင် မြန်မာပြည် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချမ်းချမ်းသာသာဘဝ ပြန်ရောက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှုနဲ့ ၊ တစ်နည်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓါတ်အပြည့်ရှိတဲ့ သူ့သမီးလက်ထက်မှာ အောင်မြင်မယ်လို့ အဘ ယုံကြည်ပါတယ်။

မေး- ပြည်ထောင်စုနေ့အကြို  နှုတ်ခွန်းဆက်စကားလေး ပြောပေးပါဦး ဘဘ။

ဖြေ- ပြည်ထောင်စုနေ့ဟာ ဒီနေ့က ၇၀ ပြည့်တဲ့နှစ်ပဲ။ အဘအသက် ၉၀ ပြည့်ခါနီးပြီ။ အဘအသက် ၁၉ နှစ် ၂၀ လောက်က သတင်းထောက်ဘဝနဲ့ ပြည်ထောင်စုစာချုပ် ချုပ်တုန်းက ပါခဲ့တယ်။ အဲဒီတုန်းက လက်ကျန် အဘရယ်၊ တောင်ကြီးက တစ်နေ့က ဖေဖော်ဝါရီ  ၁ ရက်နေ့က သေသွားတဲ့ ကိုစံလွင်ရယ် နှစ်ယောက်ကျန်တယ်။ သူက သွားပြီ။ အဘကျန်တယ်။ အဘက ပြောမယ်ဆိုရင် အများကြီးပြောစရာတွေ။ မကောင်းတာတွေလည်းပြောလို့ရတယ်။ ကောင်းတာတွေလည်း ပြောလို့ရတယ်။ တို့ ဗမာပြည်ဟာ ကောင်းတာရော မကောင်းတာရော စုံအောင်ဖြစ်ခဲ့တာ။ ဒီနေ့ထက်ထိလည်း ကောင်းတာတွေရော မကောင်းတာတွေရော စုံနေအောင် ဖြစ်နေတယ်။ နော် မင်းတို့ဘဝတွေ။ အဲဒီတော့ မင်းတို့တတွေ လူဖြစ်လာလို့ နောက်မင်းတို့ရဲ့ နောက်တစ်ဆက် မျိုးဆက်ရောက်တဲ့အခါမှာ မြန်မာပြည် ကြီးပွားချမ်းသာနေတာ ဖြစ်ဖို့အတွက် ဒီကနေ့လူတိုင်းမှာ တာဝန်ရှိတယ်။ ဒီနေ့ တညီတညွတ်တည်း အားလုံးတည်ဆောက်မယ်ဆိုရင် မင်းတို့မွေးတဲ့ သားသမီးတွေ လက်ထဲရောက်ရင် ဗမာပြည်ဟာ အချမ်းသာဆုံး နိုင်ငံကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို စင်္ကာပူထက်ကျော်တဲ့ နိုင်ငံကြီး ဖြစ်မယ်လို့ အဘယုံကြည်တယ်။

ဟုတ်ကဲ့ပါ။ ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရကို အားလုံးလည်း ကြားသိခဲ့ရပြီလို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly