“ အရှေ့ဘာလင်က စတာဇီ Stasi အကျဉ်းထောင် ”

“ အရှေ့ဘာလင်က စတာဇီ Stasi အကျဉ်းထောင် ”

ကိုမျိုးသန့်ရေ

ဘာလင် ခရီးစဉ်အကြောင်း ဆက်ပြီးပြောပြရဦးမယ်။ ရှေ့ဆုံးစာမှာ ဒီခရီးစဉ်ဟာ သူတို့ ဂျာမနီနိုင်ငံ သမိုင်းကို နားလည်အောင် လက်ဆင့်ကမ်းပေးတဲ့ ခရီးစဉ်လို့တောင် ကျွန်တော် ပြောပြခဲ့တယ်နော်။ ထူးခြားတယ်လို့ပဲ ဆိုရမလား။

ကျွန်တော်တို့ကို ရောက်ရောက်ချင်းမှာ Taz ဖောင်ဒေးရှင်းက မိတ်ဆက်တာတွေ ဘာညာလုပ်၊ နေ့ခင်း ထမင်းစားပြီးတာ နဲ့ရောက်ရောက်ချင်း လိုက်ပို့တာကတော့ အရင် အရှေ့ဘာလင်၊ အရှေ့ဂျာမနီ ဧရိယာထဲမှာ ရှိတဲ့ အကျဉ်းထောင် တစ်ခု၊ အဲဒီ အကျဉ်းထောင်နဲ့ ကပ်လျက် ပြတိုက်ကို လိုက်ပို့တာပါ။

တကယ်တော့ ဂျာမနီနိုင်ငံ သမိုင်းဆိုတာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းလို့တောင် ပြောနိုင်ပါတယ်။ ပထမ ကမ္ဘာစစ်ကြီးမှာ စစ်ရှုံးခဲ့တယ်။ မမျှတတဲ့ စာချုပ်တွေ အချုပ်ခံရပြီး ဂျာမန်တွေ အောက်ကျ နောက်ကျ ဖြစ်ခဲ့ရတယ်။ ပြန်လည် ထူမတ်ဖို့ ကြိုးစားရင်း အာဏာရှင် ဖက်ဆစ် ဟစ်တလာရဲ့ လက်အောက် ရောက်သွားခဲ့ပြန်တယ်။

တကယ်တော့ ဟစ်တလာ ဦးဆောင်တဲ့ ဖက်ဆစ်နာဇီတွေ ဆိုတာဟာ လူမျိုးကြီးဝါဒ ကျင့်သုံး၊ အခြားလူမျိုး၊ အခြားနိုင်ငံတွေကို ဗိုလ်ကျ အနိုင်ကျင့်ရုံမက သူ့နိုင်ငံသားတွေကိုလည်း အကြီးအကျယ် ဖိနှိပ်ခဲ့တာပါပဲ။ အထူးသဖြင့် ဂျာမန်နိုင်ငံသား ကွန်မြူနစ်တွေ ပါ။ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာကို သူတို့လည်း ခံကြရတာပါပဲ။ ဒါက တစ်ပိုင်းပါ။

နောက်တော့ ဒုတိယ ကမ္ဘာစစ်ကြီးကို မီးမွှေး၊ နယ်ချဲ့ကျူးကျော်တာတွေ လုပ်ပြီး နောက်ဆုံး စစ်ရှုံးပါတယ်။ စစ်ရှုံးပြီးနောက်မှာ လည်း ဒုက္ခက မသေးပါဘူး။ နိုင်ငံဟာ နှစ်ပိုင်းကွဲပြီး တစ်ပိုင်းက အနောက်နိုင်ငံ မဟာမိတ်တွေရဲ့ ထိန်းချုပ်မှုအောက်ရောက် သွားသလို တစ်ပိုင်းက တော့ ဆိုဗီယက် ရုရှားရဲ့ လက်အောက်ကို ရောက်သွားခဲ့ပါတယ်။

ဆိုဗီယက် ရုရှားအောက် ရောက်သွားတဲ့ အပိုင်းကတော့ အရှေ့ဂျာမနီ အဲဒီအထဲမှာ ဘာလင် အရှေ့ခြမ်းလည်း ပါဝင်ပါတယ်။
အရှေ့ဂျာမနီဘက် အခြမ်းကို ပါသွားတဲ့ ဂျာမန်တွေဟာ ဒုတိယ ကမ္ဘာစစ်ဒဏ်ကိုလည်း ခံရ၊ စစ်ကြီးအပြီး ကွန်မြူနစ် ဆိုဗီယက် ရုရှားလက်အောက်ကိုလည်း ရောက်နဲ့ ငရဲကနေ လွတ်မြောက်ပြီး နောက်ထပ် ငရဲတွင်း တစ်တွင်းထဲ ထပ်ကျသွားသလိုပါပဲ။

ဒုတိယ ကမ္ဘာစစ် အပြီးကနေ ဘာလင်တံတိုင်းကြီး ပြိုသွားတဲ့ ၁၉၈၉ ခုနှစ်အထိ အရှေ့ဂျာမနီ၊ ဂျာမန်ဒီမိုကရက်တစ် သမ္မတ နိုင်ငံ GDR က ပြည်သူတွေဟာ ဆိုဗီယက် ရုရှား သြဇာခံ အာဏာရှင်အစိုးရ အဆက်ဆက် ရဲ့ ဖိနှိပ်တာ ခံရပြန်ပါတယ်။ အဲဒီ အထဲမှာ ကျွန်တော်တို့ကို လေ့လာဖို့ လိုက်ပို့တဲ့ အကျဉ်းထောင် ကြီးကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

ကိုမျိုးသန့်ရေ

အဲဒီထောင်ကြီးကို ဂျာမန်လိုတော့ Gedenkstätte  လို့ ခေါ်တယ်။ သူ့သမိုင်းတစ်ပိုင်း တစ်စ ပြန်ပြောရရင် ဒုတိယကမ္ဘာစစ် အပြီး ၁၉၄၅ ဇွန်လမှာ ဆိုဗီယက် လျှို့ဝှက် ရဲတွေဟာ အဲဒီနေရာကြီး(အခုလက်ရှိ စတာဇီထောင် နေရာ) ကို ယူခဲ့တယ်။ ပြီးတော့ အဲဒီနေရာကို ခေတ္တ ထိန်းသိမ်းရေး စခန်း special camp 3 အဖြစ်ပြောင်းလဲခဲ့တယ်။

Soviet concentration camp, Sachsenhausen လို့လည်း ခေါ်တယ်။ အဲဒီ စခန်းဟာ ထောင်လည်း ဟုတ်သလို လူတွေ ကိုခေတ္တထိန်းသိမ်းတဲ့ နေရာလည်း ဖြစ်ခဲ့တယ်။ တရားဝင် စာရင်းတွေအရတော့ အဲဒီစခန်းမှာ လူ ၂သောင်းလောက်သေဆုံး ခဲ့တယ်လို့ သိရတယ်။

Heinrich George အပါအဝင်ပေါ့။ (ထင်ရှားတဲ့ ပြဇာတ်နဲ့ ရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ၊ တက်ကြွလှုပ်ရှားတဲ့ ဂျာမန် ကွန်မြူနစ် ပါတီဝင်၊၁၈၉၃-၁၉၄၆ )။ အဲဒီစခန်းဟာ အရမ်းကြီးကို ဆိုးရွားတဲ့ စခန်းတစ်ခုဖြစ်ခဲ့တယ်။ အဲဒီစခန်းမှာအာဟာရ မပြည့်ဝတာတွေ ၊ ရောဂါရတာတွေ၊ ဖျားနာတာတွေကြောင့် ၁၉၄၅ ဇူလိုင်ကနေ ၁၉၄၆ အောက်တိုဘာထိ လူ ၈၈၆ ယောက် သေဆုံးခဲ့တယ်ဆိုပြီး တရားဝင် စာရင်းတွေအရ သိရတယ်။

ခန့်မှန်းစာရင်းတွေ အရတော့ ၃,၀၀၀ လောက်ထိ ရှိတယ်လို့လည်း ပြောကြတယ်။ သေသွားတဲ့ သူတွေရဲ့ အလောင်းတွေ ကိုတော့ ဗုန်းခိုကျင်းတွေထဲမှာပဲ ဒီအတိုင်း စွန့်ပစ်ခဲ့ကြတာ ဖြစ်တယ်။

အဲဒီစခန်းကြီးဟာ ၁၉၄၆ ခုနှစ်မှာ ပိတ်ပြီးထောင်သားတွေကိုလည်း တခြားနေရာကို ရွှေ့ပြောင်းခဲ့ ကြတယ်။ အဲဒီ စခန်းကြီးကို ပိတ်ပြီး ၁၉၄၆- ၁၉၄၇ ဆောင်းတွင်းမှာ ဆိုဗီယက် ရုရှားတွေဟာ အဲဒီနေရာကို သူတို့ရဲ့ ထောင်အဖြစ် အသုံးပြုခဲ့ကြတယ်။

၁၉၅၁ ရောက်တော့မှ အဲဒီနေရာမှာ စတာဇီ(အရှေ့ဂျာမနီက နာမည်ကြီး စစ်ထောက် လှမ်းရေး တပ်ဖွဲ့) (East German Communist Ministry of State Security ) က ထောင်ကို ဖွင့်ခဲ့တယ်။ အဲဒီ ထောင်ထဲမှာ အရှေ့ဂျာမနီကနေ ထွက်ချင်နေတဲ့ သူတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းချထားခဲ့တယ်။ ၁၉၉၀ မှာပိတ်ခဲ့တယ်။ ၁၉၉၄ မှာတော့ခရီးသွားတွေ စလေ့လာနိုင် ခဲ့တယ်။ ၁၉၉၄ မှာပဲ စတာဇီထောင် ဘက်ခြမ်းမှာပဲ ပြတိုက်နဲ့ အောက်မေ့ဖွယ် နေရာတွေကို ဖွင့်လှစ်ခဲ့တယ်။

ဆန္ဒဖော်ထုတ်သူတွေက ဘာလင်တံတိုင်းကြီး ဖြိုချအပြီးမှာ အဲဒီထောင်ကြီးက သိပ် အသုံးမလိုတော့ဘူး ဆိုတာကို အရှေ့ ဂျာမနီ က စစ်တပ်အဖွဲ့နဲ့ အစိုးရ အဖွဲ့ဝင် အများစု သိကြတယ်။ ဒီ အကျဉ်းထောင်ကြီးက အချက်အလက်နဲ့ အခြေအနေတွေကို ကမ္ဘာကြီး ကသိသွားမှာကို သူတို့ မကြိုက်ကြဘူး။

အဲဒါကြောင့် ထောင်တွင်း ဖွဲ့စည်းပုံ၊ ထောင်ကြီး ဘယ်လို အလုပ်လုပ်လဲ၊ ထောင်သမိုင်းက ဘယ်လိုလဲ စတဲ့သက်သေခံ ပစ္စည်းတွေ အားလုံးကို ဖျက်ဆီးဖို့ ထောင်အာဏာပိုင်တွေကကို ခွင့်ပြုခဲ့တယ်။ အဲဒါကြောင့် ဒီထောင်ကြီးရဲ့ သမိုင်းနဲ့ ဒီထောင် ထဲမှာ ဘာတွေလုပ်ပြီး ဖြစ်ခဲ့တယ်ဆိုတာကို မျက်မြင်ထင်ရှားရှိတဲ့ သူတွေရဲ့ အပြောနဲ့ တချို့ အရှေ့ဂျာမနီမှာရှိတဲ့ အဖွဲ့အစည်း အချို့ရဲ့ အထောက်အထားတွေအရပဲ သိခဲ့ရတယ်။

ကိုမျိုးသန့်ရေ

ကျွန်တော်တို့ကို အဲဒီအကျဉ်းထောင်ကြီးထဲကို တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပြပါတယ်။ လိုက်ပြသူဟာ သမိုင်းဘာသာနဲ့ မဟာဘွဲ့ ရထားတဲ့ ဂျာမန်လူမျိုး လူငယ်ပြတိုက် လမ်းညွှန် တစ်ယောက်ပါ။ အကျဉ်းစခန်းကို နေရာအနှံ့လိုက်ပြရင်း အကျဉ်း သားတွေကို ဘယ်လို စစ်မေး တယ်၊ ဘယ်လို ထားတယ်၊ ဘယ်လိုရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တယ်၊ အကျဉ်း သားတွေနဲ့ ပတ်သက်ပြီး ဘယ်လို သုတေသန လုပ်တယ် စတာတွေ အသေးစိတ် ရှင်းပြရင်း ဂျာမန် သမိုင်းကိုပါ မငြီးငွေ့ ရအောင် ရှင်းပြတာ ကြားခဲ့ရတယ်။ ကျွန်တော်ကတော့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်က ခမာနီတွေရဲ့ SS-21 အကျဉ်းစခန်းကို တစ်ကြိမ်မက သွားလေ့လာဖူးသူဆိုတော့ အဲဒီ အကျဉ်းစခန်းနဲ့ ယှဉ်ပြီးတော့ စဉ်းစားမိတယ်။ SS-21 ကတော့ လူသား မဆန်ပါဘူး။ လူတွေကို တိရစ္ဆာန်တွေလို သဘောထားနှိပ်စက်ညှင်းပန်း သတ်ဖြတ်ခဲ့တာပါ။ အဲဒီ စတာဇီ အကျဉ်းစခန်း ကတော့ ယဉ်ကျေးမှုမြင့်တဲ့ လူမျိုးတွေရဲ့ ပညာသားပါပါ ဖိနှိပ်ရက်စက်တာမျိုးပါ။ ပြောရရင် ဖိနှိပ် ရက်စက်တာချင်းကတော့ အတူတူပါပဲ။

နောက်တစ်ခု ကျွန်တော်ဟာ ငယ်စဉ်က အင်းစိန်ထောင်နဲ့ မော်လမြိုင်ထောင်တွေမှာ အကျဉ်းကျခဲ့ဖူး သူပါ။နောက်တောထဲမှာ လည်း အကျဉ်းကျဖူးပါတယ်။ သားရဲ တိရစ္ဆာန် အကောင်ဗလောင်တွေကို လှောင်တဲ့ လှောင်အိမ်လိုမျိုးမှာလည်း အထည့်ခံရဖူး သူ ဖြစ်လေတော့ အကျဉ်းထောင်ထဲက တချို့အခန်းတွေကိုတော့ မခံစားနိုင်လောက်အောင် ဖြစ်ခဲ့ရပါရဲ့။ အဲဒီ အကျဉ်းထောင်ကြီး အကြောင်း အသေးစိတ် ပြောပြရရင် စာတစ်အုပ်တောင် ရေးနိုင်ကောင်းပါရဲ့။ ဒီနေ့တော့ ဒီလောက်ပဲနော။

ကျန်းမာပျော်ရွှင်ပါစေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags