ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်ပေးမည်

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက် ဖွင့်လှစ်ပေးမည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၁ ။          ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် အမျိုးသားပြတိုက်များ၏ ပုံမှန်ပိတ်ရက်နှင့် တိုက်ဆိုင်နေသော်လည်း ဗဟန်းမြို့နယ် ဗိုလ်ချိုရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ယင်းနေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အမျိုးသားပြတိုက်များ၏ ပုံမှန်ပိတ်ရက်နှင့် တိုက်ဆိုင်နေသောကြောင့် ဖွင့်လှစ်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်မူ ဖွင့်လှစ်ပေးမည်ဟု အတည်ပြုပေးခဲ့သည်။

“အဲ့နေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လဲဖြစ်တဲ့အတွက် ပုံမှန်ပိတ်ရက်ကို မပိတ်ဘဲ ဖွင့်လှစ်ပေးသွားမှာပါ” ဟု အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အစတုန်းကတော့ ဗိုလ်ချုပ်မွေးနေ့ မှာ ဗိုလ်ချုပ်ပြတိုက်ပိတ်မယ်ဆိုတာက အဓိပ္ပါယ်မရှိဘူး ခုတော့ အဲ့နေ့မှာဖွင့်လှစ်ပေးမယ်ဆိုတော့ ကောင်းတာပေါ့” ဟု ပြည်သူတစ်ဦးဖြစ်သူ ကိုကျော်ဆန်းက ပြောသည်။

ပြတိုက်ကို လာရောက်လေ့လာသည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် ငွေ ငါးထောင်ကျပ် ဝင်ကြေးကောက်ခံပြီး၊ နိုင်ငံသားများအနေဖြင့် ဝင်ကြေးပေးဆောင်စရာ မလိုပေ။

အမျိုးသားဒီမိုက်ရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်ရှေ့၌
ပဲပြုတ် နှင့် နံပြားများ ကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ၁၉၆၀ ခုနှစ်က ပြတိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ်အဝန်းအားဖြင့် နှစ်ဧကကျော် ကျယ်ဝန်းကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly