သတ်သတ်လွတ် ခရမ်းသီးမီးဖုတ်သုပ်

သတ်သတ်လွတ် ခရမ်းသီးမီးဖုတ်သုပ်

မင်္ဂလာပါ ..

ဒီတစ်ပတ်တော့ အသားတွေ စားရတာ ရိုးအီလာတဲ့သူတွေ အတွက် ခရမ်းသီးမီးဖုတ်သုပ်လေး တင်ဆက်ပေးပါမယ်။ အချိုဓာတ် လေးလေးပင်ပင် ရှိလှတဲ့ ခရမ်းသီးမီးဖုတ်သုပ်ကို ကြိုက်နှစ်သက်လှသူက ခပ်များများပါ။ သားသတ်လွတ်စားတတ်သူတွေအတွက်လည်း အဆင်ပြေလှတဲ့ ဟင်းတစ်မယ်ပါ။

အခု လိုအပ်တာတွေ အရင် ပြင်ဆင်ကြရအောင်။

ခရမ်းသီး အရွယ်တော် ၂လုံး

ကြက်သွန်နီ ၁ဥ (ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ)

နှမ်းလှော် အနည်းငယ် (မညက်တညက်လေး ထောင်းထားပါ)

ပဲဆီ အနည်းငယ်

ကြက်သွန်နီ ကြော် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ကြက်သွန်ကြော်ဖို့  အဆင်မပြေရင် အသင့်ကြော်ထားတဲ့ ကြက်သွန်နီကြော်ကို အသုံးပြုလို့ ရပါတယ်။

ဆီကိုတော့  ဆီစိမ်းကို အသုံးပြုမှာဖြစ်လို့ အနံ့ အရသာ အဆင်ပြေတဲ့ မြေပဲဆုံဆီလေး အသုံး ပြုထားပါတယ်။


အခု  ခရမ်းသီးမီးဖုတ်သုပ်လေး လုပ်ဖို့ ခရမ်းသီးကို မီးဖုတ်ပါမယ်။ မီးသွေးမီးနဲ့က ပိုပြီးအဆင်ပြေလို့ မီးသွေးမီးအနေတော်နဲ့ စပြီး မီးဖုတ်ပါတယ်။

ခရမ်းသီး အကျက်ညီအောင်  မကြာခဏ တစ်ဖက်လှန်ပေးပါ။

အပေါ်အခွံတွေ မည်းပြီး အသီး အိလာပြီဆိုရင် ရပါပြီ။

ခရမ်းသီးမီးဖုတ်ကို ခဏ အအေးခံထားပါ။ ပြီးရင်တော့ အပေါ်က တူးနေတဲ့ အခွံတွေကို ဖယ်ထုတ်ပစ်ပါ။

ခရမ်းသီးကို အနေတော်လေးတွေ မျှင်ပြီး ကြက်သွန်နီ၊ ကြက်သွန်နီကြော်၊ နှမ်းထောင်း ဆီအနည်းငယ်နဲ့ ဆား ပါလေရုံလေး ထည့်ပြီး သုပ်ပါ။ နံနံပင်၊ ကြက်သွန်မြိတ် ကြိုက်နှစ်သက်ရင် ပါးပါးလှီးထည့်လို့ရပါတယ်။

အခုဆိုရင်တော့ အရသာချိုချို အနံ့မွှေးမွှေးနဲ့ ခရမ်းသီးမီးဖုတ်သုပ်လေး ရပါပြီ။ အသားတွေမစားချင်လို့ ၊သားသတ်လွတ်စားချင်လို့ဆိုသူတွေအတွက် ထမင်းမြိန်စေမယ့် ဟင်းတစ်မယ်ပါ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly