မသန်စွမ်းများအတွက် YBS သီးသန့်ဘတ်စ်ကားများ စီစဉ်ပေးရန်ရှိ

မသန်စွမ်းများအတွက် YBS သီးသန့်ဘတ်စ်ကားများ စီစဉ်ပေးရန်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၁ ။                   ။ မသန်စွမ်းများ သွားလာရလွယ်ကူစေရန် သီးသန့်ဘတ်စ်ကားများ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သော  ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ဖေဖော်ဝါရီ ၁၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

မသန်စွမ်းများအတွက် YBS ၂၁ ယာဉ်လိုင်းမှ သီးသန့်ဘတ်စ်ကားများ စီစဉ်ပေးသွားမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်အကောင် အထည်ဖော်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြေးဆွဲမည့် YBS ၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောခဲ့ခြင်းဖြစ်သည်။

“ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်က အဲ့ဒါကိုမစဉ်းစားမိဘူး။ ဆွေးနွေးပွဲတစ်ခုမှာ အဲ့ဒါကို သွားစဉ်းစားမိတာ။ ၂ဝ၁၇ နှစ်ကုန်ပိုင်းလောက်မှာ ရအောင်လုပ်မယ်ဗျာ။ ဒီ မသန်စွမ်းတွေအတွက် ယာဉ်ကတော့ စီးပွားရေးသက်သက် လုပ်လို့မရဘူးဗျာ။ ကိုယ်ချင်းစာစိတ်နဲ့ စေတနာထားပြီး ကူညီတဲ့ အပိုင်းပါ။ ကျွန်တော် တစ်ယောက် တည်းအမြင်အရဆိုရင် ကားတစ်စီး၊ နှစ်စီးလောက်ကို စဝယ်ပြီး ကျွန်တော်တို့ ယာဉ်လိုင်းထဲကိုထည့်မယ်။ ပြီးရင် ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ စေတနာရှင်တွေ၊ မိတ်ဆွေတွေကို ဖိတ်ခေါ်ပြီးတော့ ကားတွေထပ်ဝယ်ပြီး တော့ တိုးချဲ့သွားမှာပါ” ဟု ကိုတရုတ်လေးက ပြောသည်။

အဆိုပါ ဘတ်စ်ကားများမှာ ဝှီးလ်ချဲအသုံးပြု၍ရသော ဘတ်စ်ကားများဖြစ်ပြီး သီးသန့် မှာယူရမည်ဖြစ်သည်။

“ မသန်စွမ်းတွေအတွက် ကားက သီးသန့်မှာရမှာ။ တခြားခရီးသည်တွေနဲ့ စီးလို့လည်း အဆင်မပြေဘူးလေ။ ကျွန်တော်တို့ လက်ရှိကားတွေက ခရီးသည် အပြည့်တင်ရတာကိုး။ သူတို့အတွက် ဘတ်စ်ကားတွေက သီးသန့်လုပ်ထားတဲ့ ဝှီးလ်ချဲဘတ်စ်ကားတွေ။ ဝှီးလ်ချဲ စင်လည်းပါတယ်။ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က ပြည်တော်သာအရောင်းပြခန်းမှာ သွားလေ့လာထားတာ။ ကြမ်းခင်းအနိမ့်ကားတွေပေါ့ဗျာ။ ဒီကားတွေနဲ့မှ အဆင်ပြေမှာ”ဟု ၎င်းက ကားများအခြေအနေကို ပြောသည်။

ထိုသို့ မသန်စွမ်းများအတွက် သီးသန့်ဘတ်စ်ကားများ ပြေးဆွဲရန် အစီအစဉ်ရှိသော်လည်း မသန်စွမ်းများဘက်မှ သီးသန့်သဘောမျိုးဖြင့် ခွဲခြားဆက်ဆံမှုများ မရှိစေချင်ကြောင်း ပြောဆိုသည်။

“ မသန်စွမ်းသီးသန့်ကားရယ်တော့ ကျွန်တော်ကတော့ မလိုချင်ပါဘူး။ ဘယ်လိုမျိုးလိုချင်လဲဆိုတော့ မသန်စွမ်းလည်း စီးလို့ ရရမယ်။ သာမာန်လူလည်း စီးလို့ရ ရမယ့် ကားမျိုးပဲ ကျွန်တော်က ပြေးဆွဲစေချင်တာပေါ့လေ။ သီးသန့်၊ သီးသန့် ဆိုတာက ခွဲခြားသလိုဖြစ်နေတော့ ကျွန်တော်က ခွဲခြားတာကို မလိုချင်တာပါ ”ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အမြဲတမ်းကော်မတီဝင် ဦးအောင်လွင်ဦးက သူ့အမြင်ကို ပြောသည်။

ဇန်နဝါရီ ၁၆ ရက်မှ ပြောင်းလဲပြေးဆွဲလိုက်သည့် YBS ယာဉ်လိုင်းစနစ်ကြောင့် မသန်စွမ်းများအနေဖြင့် ဉာဏ်ရည် မသန်စွမ်းသူများ၊ နားမကြားသူများ၊ ကိုယ်အင်္ဂါချို့တဲ့သူများနှင့် မျက်မမြင်များက လက်ရှိ ဘတ်စ်ကားများစီးရာတွင် အခက်အခဲများရှိနေကြောင်း ဦးအောင်လွင်ဦးက ပြောထားသေးသည်။

“ အခု ပြောင်းလဲလိုက်တဲ့ ယာဉ်လိုင်းတွေက နှစ်ဆင့်၊ သုံးဆင့်စီးနေရတော့ မသန်စွမ်းတွေမှာ တော်တော် ဒုက္ခရောက်တာပေါ့။ ဥပမာ ဉာဏ်ရည်မသန်စွမ်းမိဘတွေဆိုရင် ပထမ သူတို့ သားသမီးတွေကို တစ်ဆင့်တည်း စီးမယ်ဆိုတာကို တစ်လလောက်သင်ထားရတယ်။ တချို့ဉာဏ်ရည်အရမ်းဆိုးရွားရင်တော့ နှစ်လလောက် သင်ရတယ်။ ဒါမျိုးတွေပေါ့” ဟု အခက်အခဲများကို ၎င်းက ပြောသည်။

၂ဝ၁၄ ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော လူဦးရေ ၇ သန်းတွင် မသန်စွမ်း လူဦးရေမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းထိ ရှိနေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly