မိဘမောင်ဘွားတွေ သဘောမတူတဲ့ကြားက အိုင်အက်စ်အဖွဲ့ကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်နေတဲ့ ဆီးရီးယားက အမျိုးသမီးတိုက်ခိုက်ရေးသမားများ

မိဘမောင်ဘွားတွေ သဘောမတူတဲ့ကြားက အိုင်အက်စ်အဖွဲ့ကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်နေတဲ့ ဆီးရီးယားက အမျိုးသမီးတိုက်ခိုက်ရေးသမားများ

ဖေဖော်ဝါရီ ၁၁ ။                ။ ယနေ့ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံး စစ်သွေးကြွတွေကို ပါဝင်တိုက်ခိုက်နေတဲ့ ဆီးရီးယားက အာရတ်တပ်ဖွဲ့ဝင်တွေထဲမှာတော့ အမျိုးသားတပ်သားတွေသာမကဘဲ အမျိုးသမီးတပ်သားတွေပါ ပါဝင်တိုက်ခိုက်နေလျက်ရှိပါတယ်။

ယင်းနိုင်ငံမှာ ရှိနေတဲ့ အိုင်အက်စ်အုပ်စုလို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ အာရတ်အမျိုးသမီးတိုက်ခိုက်ရေးသမား ရာပေါင်းများစွာ ရှိနေပြီး ၎င်းတို့တတွေကတော့ ခုလို တိုက်ပွဲဝင်တဲ့နေရာမှာ မိဘဆွေမျိုးမောင်ဘွားတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး အကြမ်းဖက်သမားတွေကို ရင်ဆိုင်တိုက်ခိုက်နေကြသူတွေလည်း ဖြစ်ပါတယ်။

" ဒီလိုတိုက်ပွဲမဝင်ခင်က ကျွန်မရဲ့ မျိုးနွယ်စုရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ကျွန်မအဖေနဲ့အမေလည်း သဘောမတူခဲ့ကြဘူး၊ ဒါပေမယ့် ခုချိန်မှာ ကျွန်မ ရန်သူတွေကို တိုက်ခိုက်နေပါပြီ" လို့ အသက် ၂၁ နှစ်အရွယ် ဘက်တယ်လ်က ပြောပြသွားပါတယ်။ ဘက်တယ်လ်ဟာ ဆိုရင် အိုင်အက်စ်တို့ရဲ့ Raqa အခြေစိုက်နယ်မြေကို ပြန်သိမ်းရေး တိုက်ပွဲဝင်နေတဲ့ အာရတ်-ကာဒစ်ရှ် ညွန့်ပေါင်းအဖွဲ့ဝင်တစ်ဦး ဖြစ်နေပါပြီ။ ဒါ့အပြင် ဆီးရီးယားဒီမိုကရက်တစ်အင်အားစု SDF မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အာရတ် အမျိုးသမီး ၁,၀၀၀ ကျော်အနက်က တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။

" ကျွန်မ မိဘတွေက ကျွန်မကို ပြောခဲ့တာရှိတယ်၊ နင် အဲဒီ သေနတ်တွေ ချမလား၊ ငါတို့နင့်ကို အမွေဖြတ်ရမလားလို့တောင် မေးခဲ့ပါတယ်" လို့လည်း ဘက်တယ်လ်က သူမရဲ့အကြောင်းကို ရင်ဖွင့်သွားပါသေးတယ်။ ခုချိန်မှာ သူမမိဘတွေဟာ သူမကို စကားတောင် မပြောကြတော့ဘူးလို့လည်း သိရပါတယ်။

အလားတူ တိုက်ပွဲတွေမှာ အမျိုးသားတွေနဲ့ တန်းတူ ပါဝင်တိုက်ခိုက်နေတဲ့အခြားအာရတ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Hevi Dilirin ကလည်း အခုလိုပြောသွားပါသေးတယ်။ " ဒီလိုတိုက်ခိုက်ရတဲ့ ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်က ဒီ အိုင်အက်စ်တွေရဲ့ဖိနှိပ်မှုအောက်ကနေ အမျိုးသမီးတွေကို လွတ်မြောက်သွားစေဖို့ပါ၊ နောက်ပြီး မိသားစုအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုတွေကို ဖောက်ထွက်ပြချင်လို့ပါ" လို့ ဆိုပါတယ်။

" ကျွန်မတို့အသိုင်းအဝိုင်းမှာက အမျိုးသမီးတွေက ဘာမှသိပ်ပြောခွင့် မရကြပါဘူး၊ ဒါပေမယ့် တကယ်တမ်းဆို ကျွန်မတို့အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရသင့်တာပဲလေ" လို့ သူမက ထပ်လောင်းပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly