အစကောင်းမှ အနှောင်းသေချာ

အစကောင်းမှ အနှောင်းသေချာ

ယခု မြန်မာ့ရှေးစကားပုံသည် လူတိုင်း ကြားဖူးကြပေသည်။ နေ့စဉ်ဘဝတွင် လူတိုင်း သုံးဖူးကြပေသည်။ မိမိတစ်ဦးချင်း ကိစ္စများ တွင်ဖြစ်စေ၊ အများနှင့်ဆိုင်သည့် အစုအဖွဲ့ကိစ္စများ တွင်ဖြစ်စေ သုံးစွဲလျက်ရှိသည့် စကားပုံတစ်ခု ဖြစ်သည်။

ဤစကားပုံ၏ ဆိုလိုရင်းမှာ အလုပ်တစ်ခုကို လုပ်ဆောင်ရာ၌ မြန်မြန်ပြီးလျှင်ပြီးရော သို့တည်းမဟုတ် ပြီးဖို့သာ အဓိကဖြစ်ပြီး အဆင့်မီအောင် စံမီအောင် လုပ်ဆောင်ခြင်း မပြုခဲ့ လျှင် နောက်ပိုင်းတွင် ယင်းအကျိုးဆက်ကြောင့် အခက်အခဲများ၊ ပြဿနာများနှင့် ကြုံတွေ့ နိုင်ခြင်းပင် ဖြစ်သည်။

ယခုတလော ယင်းကဲ့သို့သော သဘောသဘာဝရှိသည့် လုပ်ဆောင်မှုများ နိုင်ငံရေး နယ်ပယ်တွင် တွေ့မြင်လာနေရသည်။

ဥပဒေပြုသည့် ကိစ္စနှင့် ဥပဒေ ပြင်ဆင်သည့် ကိစ္စများ တွင် အများအပြား တွေ့နေရသည်။ လွန်ခဲ့သည့် ၄ နှစ်တာကာလအတွင်း ဥပဒေသစ် အတည် ပြု၊ ဥပဒေဟောင်း ပြင်သည့် နှုန်းက နှေးကွေးခဲ့ရာမှာ ယခုအစိုးရ သက်တမ်းကုန်ခါနီး ရွေးကောက်ပွဲ ကျင်းပ ခါနီးတွင် တက်သုတ်ရိုက် လုပ်ဆောင်နေသလားဟုပင် ထင်မှတ်ရ သည်။

မျိုးစောင့်ဥပဒေဟု အများကခေါ်ဆိုနေကြသည့် ဥပဒေများထဲမှ တချို့ကို မကြာ သေးမီ ရက်ပိုင်းက မြန်မြန်ဆန်ဆန်ပင် အတည်ပြု ခဲ့ကြသည်။

အမှန်တကယ်က သက်ဆိုင်ရာ အုပ်စုများ၊ နားလည်ကျွမ်းကျင်သူများအကြား ယခုထက်ပို၍ ဆွေးနွေးနိုင်ရန် စီစဉ်လုပ်ဆောင် သင့်သော်လည်း ယခု အစိုးရသက်တမ်း အတွင်း မြန်မြန်ဆန်ဆန် အတည်ပြုလိုသည့် သဘောမျိုး တွေ့မြင်နေရသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ယင်းနှင့် လိုက်ဖက်သည့် လိုက်လျော ညီထွေရှိသည့် ဥပဒေများ လိုအပ်သည်မှာအမှန် ပင်ဖြစ်သည်။

သို့သော် ဥပဒေပြုစုရာတွင် မြန်ရေး တစ်ချက်တည်း မဟုတ်ဘဲ မှန်ကန်မှုရှိရေး၊ တကယ် အကျိုးခံစားရမည့်သူများ မထိခိုက်မနစ် နာစေရန် ဥပဒေကို ရေးသားပြုစုရေးကလည်း အရေးကြီးလှသည်။

ဥပဒေဟူသည် ပြန်လည်ပြင်ဆင်နိုင်သည့် အရာဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ဥပဒေတစ်ရပ် ပြင်ဆင်ဖို့ရာအတွက် လိုအပ် သည့်ပြောဆိုစည်းရုံးမှုများ၊ လုပ်ပိုင်ခွင့်များဆိုင်ရာ ကိစ္စများက ကြီးမားသည့် အတားအဆီးသဖွယ် ဖြစ်ပေသည်။

၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အချို့အပိုဒ်များကို ပြင်ဆင် ရေးအတွက် လတ်တလောကြိုးပမ်းဆောင် ရွက်နေရသည်ကို ကြည့်လျှင် ဥပဒေ ပြင်ဆင်ရေး သည် မည်မျှခက်ခဲသည်ကို နားလည်နိုင်ပေသည်။

နောက်တစ်ချက်မှာ ဥပဒေတစ်ရပ်ကို ပြင်ဆင်လိုက်ခြင်းကြောင့် ၎င်းတို့၏ အကျိုး စီးပွား ထိခိုက်သွားမည့်သူများက မပြင်ဆင်ရေး ဘက်မှ ကြံ့ကြံ့ခံ ကာကွယ်ကြမည် ဖြစ်သည်။

ဤသည်ကို ကြည့်လျှင် ဥပဒေပြုရေးဆိုင်ရာတွင် အစမကောင်းခဲ့လျှင် ယင်းဥပဒေကို ကျင့်သုံးသည့်ကာလ တစ်လျှောက်လုံး လူအများအပြား နစ်နာကြလိမ့်မည်ဆိုသည့် အချက်က ထင်ရှားပေသည်။

အစကောင်းစေချင်သည့် နောက်ကိစ္စတစ်ရပ်မှာ စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်၊ အကျိုး စီးပွားများကို ခွဲဝေပေးရာတွင် မျှတသော၊ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သော စီးပွား ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များဖြစ်ဖို့ လိုအပ်သည့်အချက်ပင် ဖြစ်သည်။

စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့် အခွင့်အလမ်းများနှင့် ပတ်သက်လျှင်လည်း ကျန်ရှိသည့် အစိုးရသက်တမ်းအတွင်း ချပေးနိုင် သလောက် ချပေးသွားရန် လုပ်ဆောင်သည့်၊ လုပ်ဆောင် မည့် လက္ခဏာများလည်း ယခုတလော တွေ့မြင်နေရသည်။

မကြာသေးမီက ဝန်ကြီးဌာနတစ်ခုက မြေဧကပေါင်းများစွာကို လုပ်ပိုင်ခွင့် ခေါ်ယူသည့် တင်ဒါကိစ္စနှင့် ပတ်သက်၍ သတင်း မီဒီယာတစ်ခုက ဝေဖန်ရေးသားခဲ့သော်လည်း တင်ဒါ ခေါ်ယူသည့် ကိစ္စက ရပ်မသွားဘဲ နောက်ဆုံး တင်ဒါအောင်သူ မရှိကြောင်း ကြေညာချက် ထွက်ပေါ်လာမှ ယင်းကိစ္စ ယာယီအားဖြင့် ရပ်ဆိုင်းသည့် အခြေအနေထိ ဖြစ်ပျက်ခဲ့သည်။

အစိုးရ သက်တမ်းလက်ကျန်လပိုင်းအတွင်း အကျိုးခံစားစရာ ကိစ္စများ၊ မိမိနှင့် အလွမ်းသင့် သူ၊ အကျိုးစီးပွားတူသူများ လုပ်ပိုင်ခွင့် ရဖို့ရာ ဘောင်ဝင်အောင် လုပ်ဆောင်မှုများ အများ အပြား ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ရှိနေသည်။

ခြုံပြောရလျှင် လက်ရှိအစိုးရနှင့် ဥပဒေပြုလွှတ်တော်တို့သည် မိမိ၏ ကျန်ရှိသည့် သက်တမ်းအတွင်း မိမိတို့ အကျိုးစီးပွားထက် အများပြည်သူ အကျိုးစီးပွားကို ငဲ့ကွက်ကာ ဥပဒေ၊ စီးပွားရေး လုပ်ပိုင်ခွင့်များကို လက်လွတ်စပယ် မလုပ်ဆောင်ဘဲ အစကောင်းစေလိုကြောင်း မဇ္ဈိမက ထောက်ပြရေးသားလိုခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags