တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အင်တာဗျူး အပိုင်း(၃)

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အင်တာဗျူး အပိုင်း(၃)
 

မေး- ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်။ ဒီအထူးစီးပွားရေးဇုန်က မြန်မာနိုင်ငံအတွက်ရော၊ ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက်ရော အရေးပါတဲ့တစ်ခုဖြစ်တယ်။ ဆိုတော့ ဒါကို အခု အစိုးရလက်ထက်မှာ ပြန်စနေပြီလို့ သိရပါတယ်။ အဲ့ဒီ့အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ဖြေ - အဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကတော့ ၂၀၀၈ခုနှစ်ကတည်းကဆိုတော့ မလုပ်ဘဲနားထားတာ တော်တော်လေးကြာသွားပါပြီ။ နားထားတယ်ဆိုပေမယ့် ဒီကြားထဲမှာ နည်းနည်း၊ နည်းနည်းတော့ လုပ်နေတာပေါ့။ ဒါပေမယ့် ရည်ရွယ်ချက်တွေ သူတို့ချမှတ်ထားတဲ့ Phase 1 တွေ၊ Phase 2 တွေကိုတော့ မရောက်ဘူးပေါ့နော်။ မရောက်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီက ငွေကြေးအခက်အခဲဖြစ်လို့က တစ်ကြောင်း၊ နောက်ပြီးတော့ နိုင်ငံရေးအရလည်း ဒီရေနက်ဆိပ်ကမ်းကြီးဆောက်ပြီးသွားရင် South-East Corridor ပေါ့။ အရှေ့တောင်အာရှရဲ့ လမ်းကြောင်းကြီး ပွင့်ထွက်သွားမှာကိုး။ ထိုင်းနိုင်ငံက များများမလိုတဲ့သဘောတွေလည်းရှိတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်က နောက် နှစ် ၂၀ဆို စင်္ကာပူနိုင်ငံကို ကျော်တက်နိုင်မယ်ဆိုတဲ့ သူပြောတဲ့စကားဟာ အဓိပ္ပာယ်ရှိတယ်။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ကမ္ဘာကို Declare လုပ်တယ်ဆိုတာ လွယ်လွယ်တော့ ပြောမှာမဟုတ်ဘူးလေ။ ဘာဖြစ်လဲဆိုတော့ ဒီရေနက်ဆိပ်ကမ်း South-East Corridor ကြီး ပွင့်ထွက်သွားမယ်ဆိုရင် စင်္ကာပူက အ, သွားမှာ။ စင်္ကာပူက ဒီကနေ ပတ်ပတ်ပြီးလာနေရတဲ့အခါကျတော့ စင်္ကာပူက ကြားစခန်းအနေနဲ့ ရပ်နားပြီး သင်္ဘောတွေသည် ကုန်ပစ္စည်းသယ်ယူမှုမှာ Interest တွေ ယူနေတာပေါ့။ ဝန်ဆောင်မှုအခန်းကဏ္ဍမှာ ဒီဟာကြီးပွင့်ထွက်သွားရင် စင်္ကာပူလည်း နည်းနည်းတော့ သူ့စီးပွားရေးတွေ ကျနိုင်တာပေါ့နော်။ ကျနိုင်တော့ စင်္ကာပူကလည်း ဒါကို မဖြစ်စေချင်ဘူး။ အရင်အစိုးရလက်ထက်ကတော့ ဒါကို Counseling မလုပ်ဘူးပေါ့။ တစ်ယောက်နဲ့တစ်ယောက် Negotiate မလုပ်ဘူးပေါ့။ အစ်မတို့ရောက်လာတဲ့အခါမှာ အစ်မတို့ State Counselor ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ ဒီဒေသဖွံ့ဖြိုးရေးအတွက် ဒီဒေသကနေ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်မှ ဒေသတိုးတက်မယ်ဆိုတော့ ဒီရေနက်ဆိပ်ကမ်းကြီးကလည်း နေရာအနေအထား အရမ်းကောင်းတယ်ဆိုတော့ နှစ်လ၊ သုံးလလောက်ကြာတော့လေ အစ်မက ထိုင်းကို သွားတယ်။ သူတို့နိုင်ငံက ရေနက်ဆိပ်ကမ်းတွေလိုက်ကြည့်တယ်။ ဘာလို့လိုက်ကြည့်လဲဆိုတော့ တို့နိုင်ငံမှာလည်း ဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲ။ သူတို့က OSS(Offshore Super Series) တွေက ဘယ်လိုမျိုးလုပ်လဲ စသဖြင့်ပေါ့နော်။ တို့နိုင်ငံကဆင်းရဲတယ်လေ။ အဲ့လို လိုက်ကြည့်တော့ ဘာတွေ့လဲဆိုတော့ သူတို့နိုင်ငံက ရေနက်ဆိပ်ကမ်းတွေမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ၇၂ရာခိုင်နှုန်း အနည်းဆုံးပဲ။ အမထင်ခဲ့တာ သူတို့နိုင်ငံရဲ့ ရေနက်ဆိပ်ကမ်းတွေမှာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ၈၀ရာခိုင်နှုန်းလောက် တခြားက နည်းနည်းပေါ့။ အဲ့လိုထင်ခဲ့တာ။ မဟုတ်ဘူး။ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု က ၇၂ရာခိုင်နှုန်း၊ တစ်ချို့ဆို ၇၈ ရာခိုင်နှုန်းလောက်ထိကိုရှိတယ်။

ရေနက်ဆိပ်ကမ်း တော်တော်များများကို အစ်မ လိုက်လေ့လာတယ်။ သက်သက်မဲ့ အပင်ပန်းခံပြီး လိုက်လေ့လာတယ်။ သူတို့ရဲ့ လျှပ်စစ်စနစ်တွေ၊ ရေဆိုးစွန့်ပစ်မှုတွေ၊ ရေချိုရရှိမှုတွေ လိုက်လေ့လာတယ်။ ဒီကိစ္စတစ်ခုကို တွေ့သွားတဲ့အခါမှာ ဘာဖြစ်လို့ ဂျပန်ကိုရင်းနှီးမြှုပ်နှံခွင့်ပေးလဲ။ သူတို့ဘာသာလည်း ရင်းနှီးမြှုပ်နှံမယ်ဆို မြှုပ်နှံလို့ရနေတဲ့အနေအထားမှာ။ သူတို့က ဘာပြောလဲဆိုတော့။ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ခိုင်မာတယ်။ နံပါတ် ၁ အချက်က သူ့ဆီက ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံတွေက အရည်အသွေးပြည့်မီတယ်။ နောက်ပြီးတော့ နည်းပညာလည်းအားကောင်းတယ်။ အဲ့ဒီ့အတွက်ကြောင့်မို့လို့ သူတို့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံရတာပါလို့ ပြောတဲ့အခါကျတော့ အစ်မက အဲ့ဒါကို အရမ်း သဘောကျပါတယ်။

အမှန်အတိုင်း ပြောရရင် တို့နိုင်ငံတွေက Infrastructure ပိုင်းလည်း အားနည်းတယ်။ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပိုင်းလည်း မနိုင်ဘူးလေ။ မနိုင်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ သေချာတဲ့ နည်းစနစ်ကျတဲ့ အဆင့်အတန်းရှိတဲ့ နိုင်ငံတစ်ခုကို လက်ခံရမယ်လို့ သဘောထားပြီးမှ ဂျပန်နိုင်ငံကို သွားပါတယ်။

ဂျပန်ပြည်က လူတွေကလည်း လာစေချင်တယ်ဆိုပြီး အဆက်အသွယ်ရပြီး ဂျပန်ပြည်ကို အစ်မ သွားပါတယ်။ သွားပြီး လေ့လာပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ပြောသလိုပဲ ဂျပန်ကတော့ အရမ်းသေချာတယ်။ ပစ္စည်းတစ်ခုကို ထုတ်ပိုးနေတာကိုက အရမ်းသေချာတယ်။ သူတို့ Dimention နဲ့ မကိုက်ရင် ချက်ချင်းပြန်လုပ်။ အစ်မက အရမ်းသဘောကျပါတယ်။ သူတို့နည်းပညာ ကောင်းတာတွေ အရမ်းသဘောကျပါတယ်။ သူတို့က လုပ်ငန်းလုပ်တာတွေ အရမ်းသဘောကျတဲ့အတွက် ဂျပန်က ရင်းနှီးမြှုပ်နှံဖို့ ဇန်နဝါရီ ၂၈ရက်မှာ မြန်မာပြည်ကို လာဖို့ရှိပါတယ်။

ဒါပေမယ့် ဒီရေနက်ဆိပ်ကမ်းကတော့ ဂျပန်က ၂၀၁၅ခုနှစ်တည်းက စာချုပ်ချုပ်ထားပြီးသားပါ။ သူတို့က ဘယ်လိုအကြောင်းကြောင့်လဲတော့ မသိဘူး။ မြန်မာပြည်ကို။ အစ်မ ထင်ပါတယ်။ Infrastructure ပိုင်း အားနည်းတယ်လို့ ယူဆလို့ မလာတာပါ။ အခုတော့ သူတို့ကိုယ်တိုင်ကိုက infrastructure တွေ သူတို့လုပ်ပေးပါမယ်။ လျှပ်စစ်မီးရအောင်လည်း သူတို့လုပ်ပေးပါမယ်။ လမ်းတွေကောင်းအောင် လမ်းတွေဆို အခု ထိုင်းနဲ့ဆက်တဲ့လမ်းပေါ့နော်။ လမ်းတစ်လမ်း တော်တော်ညံ့နေတယ်။ အစ်မတို့ မြန်မာအင်ဂျင်နီယာအနေနဲ့ကလည်း မဆောင်ရွက်နိုင်ဘူး။ နည်းပညာပိုင်း နည်းနည်းအားနည်းနေတယ်။ အဲ့ဒါတွေကို သူတို့လုပ်ပေးပါမယ်။ ဟိုဘက်က Deep Sea (ရေနက်ဆိပ်ကမ်း) ကိုလည်း သူတို့လုပ်ပေးပါမယ်ဆိုပြီး အစ်မတို့ အခု ပြန်လုပ်ဖို့ လုပ်နေပါတယ်။

 မေး - ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ကြားမှာ မပြေလည်မှုတွေ ရှိခဲ့တယ်လေ။ အခုပြန်စတော့မယ်တော့ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေလည်း ရှိခဲ့တော့ အဲ့ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲ။ ဘယ်လိုအခက်အခဲတွေရှိနိုင်လဲ။

ဖြေ - မြေယာနဲ့ ပတ်သက်ပြီး အဲ့လောက်အခက်အခဲ မရှိဘူး။ ယိုးဒယားကုမ္ပဏီ ITD-အီတာလီယျံထိုင်း ကုမ္ပဏီက မြေယာလျော်ကြေးပေးထားတာ (ဧက) ၅၅၀၀ကျော်ရှိတယ်။ နောက် မြေလွတ်မြေရိုင်းလို့ခေါ်တဲ့ တိုင်းဒေသကြီး စီမံခန့်ခွဲတဲ့မြေက ၁၆,၀၀၀ (ဧက) ကျော်ရှိတယ်။ အဲ့ဒီ့ ၂၁,၀၀၀ကျော်နဲ့ သူတို့ လုပ်ပါလေ့။ သူတို့နိုင်ငံမှာ အစ်မမြင်ခဲ့တဲ့ ရေနက်ဆိပ်ကမ်းတွေက ဧက ၃၀၀၀၊ အများဆုံးမှာ ဧက ၄၀၀၀ပဲ။ အခု သီလဝါစက်မှုဇုန်ဆိုရင် ဧကပေါင်း ၂၀၀၀ကျော်ပဲရှိတယ်။ အမတို့ဆီမှာ အခုဆို ဧက ၂၂,၀၀၀လောက်ရှိတဲ့ဟာကို သူတို့လုပ်ပါလေ့ဦး။ ကိုယ်က လောဘကြီးပြီးတော့ အများကြီးထပ်သိမ်းနေလို့မရဘူး။ ဘာဖြစ်လို့လဲဆို ပြည်သူရဲ့ Side ကလည်း ရှိသေးတာကိုး။ အစ်မတို့ သိမ်းဖို့ မစဉ်းစားပါဘူး။ အစ်မတို့လက်ထက်မှာ သိမ်းဖို့ မစဉ်းစားပါဘူး။ ရှိတဲ့ဟာကိုပဲ အဆင်ပြေအောင်။ ဒီ့ထက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

 မေး- အရင်လက်ထက်မှာ ဖြစ်ခဲ့တဲ့ကိစ္စ။ အဲ့ဒီ့ပြဿနာတွေကို ဖြေရှင်းဖို့ ကျတော့ရော။

ဖြေ- အဲ့ပြဿနာတွေကတော့ အမတို့က ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။ ရေနက်ဆိပ်ကမ်းရဲ့ ကော်မတီရှိပါတယ်။ ကုမ္ပဏီနဲ့ ဒေသအစိုးရပေါ့။ အခု အမတို့အစိုးရက ပါတီအစိုးရက တက်လာတာ ထိပ်ပိုင်းလေးပဲ။ အောက်မှာ ဒေသအစိုးရက ဒီအတိုင်းပဲ။ ဆိုတော့ ဒေသအစိုးရနဲ့ ပြည်သူတွေနဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ညှိနှိုင်းပေးပါလို့။ အမတော့ ဝင်မပါတော့ဘူး။ အဲ့ဒီ့အရှေ့ပိုင်းကဖြစ်တဲ့ပြဿနာတွေကို သူတို့ဘာသာ သူတို့ ရှင်းမှာပါ။

 မေး - အခုလို အထူးစီးပွားရေးဇုန်တစ်ခု လုပ်ပြီဆိုရင် ဒေသကတော့ ဖွံ့ဖြိုးလာမှာ အမှန်ပဲပေါ့နော်။ ဒေသဖွံ့ဖြိုးလာတာနဲ့အတူ နောက်ဆက်တွဲဖြစ်နိုင်တဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေ၊ လူမှုရေး အကျိုးသက်ရောက်မှုတွေ အဲ့ပြဿနာတွေအတွက်ရော ဘာတွေ ကြိုတင်စီမံထားတာရှိလဲ မသိဘူး။

ဖြေ-  အစ်မတို့ကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုတာ အရင်တည်းက အစ်မတို့ နိုင်ငံမှာ တခါမှ မရှိခဲ့ဖူးဘူး။ တစ်ခါမှလည်း Planning မလုပ်ခဲ့ဖူးဘူး။ အရင်တုန်းက ဒီ ဟိုတယ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ စသဖြင့် လုပ်တဲ့အခါမှာ တခါမှကို မရှိဘူးတာ။ အခု အစ်မတို့ လက်ထက်မှာတော့ ဘယ်လုပ်ငန်းမျိုးမဆို EIA (သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဆန်းစစ်ချက်), SIA(လူမှုဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဆန်းစစ်ချက်), EMP (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုပရိုဂရမ်)တွေ အမတို့တောင်းပါတယ်။ အစ်မတို့က ထိုင်းနဲ့ အရမ်းနီးနီးရှိနေတော့ နိုင်ငံခြားက EMP ပရိုဂရမ်ကို အစ်မတို့က မလိုချင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုရင် သူတို့နိုင်ငံနဲ့က ရေမြေသဘာဝချင်း သိပ်တူချင်မှ တူမယ်လေ။ သူတို့နိုင်ငံက Improve (ဖွံ့ဖြိုးတိုးတက်) ဖြစ်နေတယ်လေ။ တို့နိုင်ငံက Improve မဖြစ်ဘူးလေ။ အဲ့တော့ အစ်မတို့ဒေသနဲ့ လိုက်လျောညီထွေတဲ့။ အစ်မတို့အစိုးရက ဒီလူနဲ့ပဲလုပ်ပါလို့ဆိုပြီး လုပ်ထားတဲ့ ကုမ္ပဏီတွေရှိပါတယ်။ အဲ့ဒီ့ကုမ္ပဏီတွေရဲ့ EMP ကိုပဲ အစ်မတို့ လက်ခံပါတယ်။ အစ်မတို့အစိုးရလက်ထက်မှာတော့ ဘယ်လုပ်ငန်းပဲ လုပ်လုပ် EMP ပရိုဂရမ်ကိုတော့ ကောင်းကောင်းလုပ်ပါမယ်။ သူတို့ကိုလည်း ပြောထားပြီးသားပါ။

ဒီဟာတွေ မပါလို့ရှိရင် အစိုးရသစ်ကတော့ လက်မခံပါဘူးလို့ ပြောထားပြီးသား။ လာ Invest လုပ်တဲ့ ကုမ္ပဏီတွေကလည်း ဒါကို  ဥပမာ ဂျပန်ဆိုပါစို့ သူက အရမ်းစောင့်ရှောက်တယ်။ ကိုယ်တွေထက်ကို ပိုစောင့်ရှောက် နေတယ်။ အခု အစ်မတို့ပင်လယ် (တနင်္သာရီတိုင်း အက်ဒမန်ပင်လယ်) မှာလည်း ကျွန်းတစ်ခု ရှိပါတယ်။ တာကာဆာကီဆိုတာ သူတို့(ဂျပန်) ပုလဲထုတ်နေပါတယ်။ သူတို့ကျွန်းပေါ်မှာ သစ်ပင်တစ်ပင်မှ မလှဲဘူး။ အစ်မတို့တခြား အရင်အစိုးရလက်ထက်က ပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေက သစ်ပင်တွေအားလုံး လှဲထားတယ်။ သူတို့တွေကပိုပြီးထိန်းသိမ်းပါတယ်။ အဲ့ဒါကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစနစ်ပေါ့နော်။ အစ်မတို့လည်း မျက်ချေမပြတ်ဘဲ အစ်မတို့ဆီမှာလည်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးရှိတဲ့အတွက် သူ့ကိုလည်း အမြဲပဲ စောင့်ကြည့်ခိုင်းပါတယ်။

ဒါပေမယ့် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခုနက သမီးပြောတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အစ်မတို့လည်း နားလည်ပါတယ်။ ဒါတွေကို ဥပဒေနဲ့တော့ ထိန်းချုပ်ရမှာပေါ့။ ဥပဒေမရှိဘဲ ဒီအတိုင်းတော့ ဘယ်လွှတ်ထားလို့ရမလဲ။ ဥပမာ လောင်းကစားတွေ၊ ဒီကျွန်းတွေပေါ်မှာ လောင်းကစားလုပ်ဖို့ ခိုးလုပ်မယ့်သူတွေလည်း ရှိရင်ရှိလာနိုင်တယ်လေ။ ကျွန်းတွေဆိုတာ အမြဲတမ်း လက်လှမ်းမမီဘူး။ ဟိုးပင်လယ်ထဲမှာရှိတဲ့ ပစ္စည်းတွေဆိုတော့။ အဲ့တော့ ဥပဒေတွေကို သေသေချာချာလေး တိုင်းဒေသကြီးက ပြဌာန်းပြီးတော့ နောက်တခါ Spa တွေဘာတွေဆိုရင်လည်း သူ့စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်းလုပ်ဖို့အတွက် ဥပမာ အကျင့်ပျက်မိန်းကလေးတွေ မလာအောင်ပေါ့။ ကြပ်ကြပ်မတ်မတ် ဥပဒေရှိဖို့ အစ်မတို့ ပြင်နေပါတယ်။

 မေး - ဟုတ်ကဲ့ပါ။ နောက်ပြီးတော့ တနင်္သာရီတိုင်းဆိုရင်လည်း ရေလုပ်ငန်းကို အဓိက လုပ်နေတဲ့ ဒေသတစ်ခုဖြစ်တယ်။ ဆိုတော့ ရေလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်၊ ပို့ကုန်ကွာလတီမြင့်လာဖို့အတွက် ဘာတွေ ဆောင်ရွက်ဖို့ရှိလဲ။

ဖြေ- ပို့ကုန်ကွာလတီ မြင့်ဖို့ကတော့ အရင်အစိုးရ လက်ထက်ကတည်းက ငါးလေလံဈေးပေါ့။ ငါးလေလံဈေးဆိုတာ Raw Materials (ကုန်ကြမ်း)ကို Value added (ကုန်ချော)အနေနဲ့ ထုတ်တာပေါ့။ ဒီငါးလေလံဈေးတစ်ခုကို ကျွန်မတို့ တနင်္သာရီတိုင်းမှာပေါ့။ ဖော်ထုတ်ဖို့ ကြိုးစားနေတယ်။ ကြိုးစားနေတယ် ဆိုတာလည်း ရင်းနှီးမြှုပ်နှံမှုကလည်း အရမ်းကိုများတယ်။ လျှပ်စစ်ကလည်း မရှိဘူး။ အဲ့ဒီ့ပြဿနာက အဓိကဖြစ်နေတယ်။ အစ်မတို့ထားဝယ်မှာ ငါးလေလံဈေးတစ်ခုလုပ်ဖို့ရှိတယ်။ လျှပ်စစ်ကလည်း အစ်မတို့ ဒီကလျှပ်စစ်ကိုမသုံးဘဲ သူ့အနေအထားနဲ့သူ ရယူတဲ့လျှပ်စစ်တစ်ခုနဲ့ ငါးလေလံဈေးတစ်ခု Fish ရဲ့ Value added တွေ ထုတ်နိုင်ဖို့အတွက်ပေါ့။ ဒါကို အစ်မတို့ ကြံစည်နေပါတယ်။ ဒါကို မြေယာပိုင်ဆိုင်မှုတွေ လုပ်နေပါတယ်။ MIC (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)ကို တင်နေပါတယ်။ အခုခေတ်မှာ Legal (တရားဝင်)ဖြစ်ဖို့ကလည်း မလွယ်ဘူး။ အရင်အစိုးရတွေလိုမျိုး ဒါကိုလုပ်လိုက်ဆို ချက်ချင်းအကောင်အထည်ဖော်လို့မရဘူး။ အစ်မတို့က မြေယာပိုင်ဆိုင်မှုပြရတယ်။ ဒီမြေတွေကို ဘယ်သူကတော့ ပိုင်ပါတယ်။ ဒါကို မြေပုံ ၁၀၅ ဆွဲခွင့်ပေးပါဆို လယ်ဆည်ဝန်ကြီးကို ပြန်တင်ရတယ်။ လယ်ဆည်ဝန်ကြီးကနေ ကျတော့မှ MICကို ပြန်တင်ရတယ်။ အဲ့လိုလေးတော့ရှိတာပေါ့။

 မေး- ဟုတ်ကဲ့။ ဒေသခံစီးပွားရေး လုပ်ငန်းရှင်တွေကရော ဒါကို လိုက်မီပြီလို့ ထင်လားရှင့်။

ဖြေ- ဒါက ဒေသခံစီးပွားရေး လုပ်ငန်းရှင်တွေကိုပဲ အစ်မက လုပ်ခိုင်းမှာပါ။ သမဝါယမကို ပေါင်းစပ်ပြီးတော့။ အခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပေးလုပ်မှာ မဟုတ်ပါဘူး။

အင်တာဗျူး အပိုင်း (၁) အားအောက်ပါလင့်တွင် ကြည့်ရန်-http://www.mizzimaburmese.com/article/23346အင်းတာဗျူး အပိုင်း ( ၂ ) အားအောက်ပါလင့်တွင် ကြည့်ရန်- http://www.mizzimaburmese.com/article/

အင်တာဗျူးအပြည့်အစုံကို အောက်ပါဗီဒီယိုတွင် ကြည့်ရှု့နိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly