ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်ကို အီတလီနိုင်ငံ စနစ်ကဲ့သို့ ပြောင်းလဲရန် ဆွေးနွေး

ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်ကို အီတလီနိုင်ငံ စနစ်ကဲ့သို့ ပြောင်းလဲရန် ဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ။             ။ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်းစနစ်ကို အီတလီနိုင်ငံ တူရင်မြို့တွင် အသုံးပြုနေသည့် စနစ်များကဲ့သို့ ပြုလုပ်ဆောင်ရွက်ရန် တူရင်ဒုတိယမြို့တော်ဝန်နှင့် ပညာရှင်များက အကြံပြု တိုက်တွန်းထားသည်။

ဖေဖော်ဝါရီ ၁၀ရက် နံနက်က ရန်ကုန်မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးပွဲတစ်ခုပြုလုပ်၍ အဆိုပါပွဲတွင် အကြံပေးပြောကြားခဲ့သည်။ တူရင်မြို့တွင် ယခုလက်ရှိအသုံးပြုနေသည့် စနစ်သည် ပြည်သူလူထုက ဖြစ်ပေါ်ကြုံတွေ့နေရသော အခက်အခဲများကို တောင်းဆိုအကြံပြုနိုင်သောစနစ်ဖြစ်သည်။

အောက်ခြေပြည်သူလူထုအသံများ သိရှိဆောင်ရွက်နိုင်ရန် အီတလီနိုင်ငံ တူရင်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်ကဲ့သို့ ကော်မတီတစ်ရပ်ကို ဖွဲ့သင့်ကြောင်းလည်း အကြံပြုခဲ့သည်။ ကော်မတီတွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများကို ကိုယ်စားပြုသည့် မြို့နယ်အလိုက် ကိုယ်စားလှယ်များ ပါဝင်ရမည်ဖြစ်သည်။   ကော်မတီအတွင်း   ဆွေးနွေးညှိနိူင်းမှုများပြုလုပ်ရာတွင် အောက်ခြေပြည်သူလူထု၏အသံများကို ကိုယ်စားလှယ်များက တင်ပြပေးမည်ဖြစ်ပြီး ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများက ကိုယ်စားလှယ်များ၏   ဆွေးနွေးဆုံးဖြတ်ချက်ကို ပြုလုပ်ရန်သင့်မသင့်ကို ထောက်ပြဆွေးနွေးသွားမည် ဖြစ်သည်။

ရေရှည်တည်တံ့သည့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်စီမံကိန်းကို ၂၀၁၅ ခုနှစ်က စတင်လုပ်ဆောင်နေပြီး မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် စီမံကိန်းထဲတွင် ကား၊ ရထားနှင့်   ရေကြောင်းဆက်သွယ်ရေးများ ပါဝင်နေသည်။

ဥရောပသမဂ္ဂက ဆောင်ရွက်နေသော အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် အဓိက ရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly