ကချင်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်လာ၍ အမေရိကန်သံရုံး စိုးရိမ်

ကချင်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲပြင်းထန်လာ၍ အမေရိကန်သံရုံး စိုးရိမ်
 
 
 

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ခိုက်မှုများ ပြင်းထန်လာသော သတင်း များအပေါ် အမေရိကန်သံရုံးက များစွာစိုးရိမ်ကြောင်း ဇူလိုင်လ ၂၄ ရက်က ထုတ်ပြန်လိုက်သည်။

“တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အကာအကွယ်မဲ့သော လူ့အဖွဲ့အစည်း များသည် မလိုလားအပ်ဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသလို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်အတွက် မရှိမဖြစ်သော ယုံကြည်မှုကိုလည်း ပျက်ပြားစေပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများ၏ လိုအပ်ချက်များကို ဦးစားပေးရန်နှင့် ထိခိုက်နစ်နာရသူ အားလုံးကို လူသားချင်းစာနာသော အကူအညီများပေးရန် အမေရိကန် အစိုးရက အာဏာပိုင်များအား တိုက်တွန်းလိုက်သည်။
စစ်မှန်၍ တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန် သက်ဆိုင်သူများ အားလုံးက သည်းခံခြင်း တရား ထားရှိရန်နှင့် ဆွေးနွေးညှိနှိုင်းကြရန် မေတ္တာရပ်ခံလိုက်သည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးဌာန ဒုတိယ အတွင်းဝန် ခရစ်တိုဖာမိုမန် ဦးဆောင်သောအဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်၍ လက်ရှိနိုင်ငံရေး အခြေအနေများကို လေ့လာခဲ့သည်။
ဇူလိုင်လ ၂၂ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ နှင့် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး မေးမြန်းကာ ကချင်စစ်ပြေး ဒုက္ခသည် စခန်းများတွင်လည်း သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။  

ဇူလိုင်လဆန်းပိုင်းမှ စတင်၍ အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် လက်ရှိ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကချင် စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

အလားတူ လက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ် ဒေသများတွင် ထိုးစစ်ဆင် မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်ပေးရန်နှင့် အားလုံးပါဝင်သော တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရေးထိုးရန် အရပ်ဘက် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ရန်ကုန်အခြေစိုက် အရပ်ဘက် လူမှုအခြေပြုအဖွဲ့အစည်း ၉၅ ဖွဲ့ ကျော်က သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့် ပေးစာပေးပို့၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဇူလိုင်လ ၂၂ ရက်နှင့် ဇူလိုင်လ ၁၉ ရက်များတွင် ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ဆွမ်ပီယမ်ကျေးရွာ အနီးနှင့် ပူတာအိုမြို့နယ် ထင်ထိုင်ကျေးရွာအနီးတို့တွင် အစိုးရ တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ဖြစ်ပွားလျက် ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟူးဖြတ်မန်နောင် ကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ကရင်ပြည်နယ် အာရှလမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် သောင်းဂဏန်း ဝန်းကျင်ရှိ စစ်ပြေးဒုက္ခသည်များ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။

အစိုးရ တပ်မတော်၏ ထိုးစစ်ဆင်မှုများကို အပြင်းအထန် ရှုတ်ချကြောင်း၊ အစိုးရတပ်မတော်က  ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ လုံးဝရပ်ဆိုင်းရန်နှင့် ရပ်ရွာများတွင် တပ်ဖြန့်ကျက်ထားမှုများကို  ချက်ချင်းပြန်လည် ရုပ်သိမ်းပေးရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေးကိုလည်း ဖော်ဆောင်နိုင်ရန် တိုက်တွန်းတောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly