ကချင်သူနာပြု ဆရာမ တစ်ဦး ထုုိးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် အသတ်ခံရ

ကချင်သူနာပြု ဆရာမ တစ်ဦး ထုုိးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် အသတ်ခံရ
ဓာတ်ပုံ- Myu lat facebook

ချင်းမိုင်၊ဖေဖော်ဝါရီလ ၁၀ ။            ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် သူနာပြုဆရာမ အသက် ၂၄ နှစ်အရွယ် မ မလိဆန်ပန်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့က ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် အသတ်ခံခဲ့ရသည်ဟု သိရသည်။

မမလိဆန်ပန်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည် ကြက်ပေါင်ခြံတွင် သူ၏ အစ်ကိုဝမ်းကွဲ၏ နေအိမ်တွင် ထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးနေခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့ ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် စည်သူလင်းက ပြောသည်။

“အမှုဖွင့်ထားပါတယ်။ သူက သူနာပြုပေါ့။ အလုပ်ခေါ်တာ စောင့်ဆဲပေါ့။ အလုပ်တော့ မဝင်သေးဘူး။ ကြက်ပေါင်ခြံက သူ့အစ်ကိုဝမ်းကွဲအိမ်တဲ့။ နေ့ခင်းမှာ ထိုးသွင်းဒဏ်ရာ ၁၉ ချက်နဲ့သေတယ်ဗျာ။ လက်ရှိကတော့ စစ်ဆေးဆဲပဲပေါ့ဗျာ။ ရင်ခွဲရုံမှာ ခွဲစိတ်ပြီးသွားပြီ။ စစ်ချက်က ထိုးသွင်းဒဏ်ရာနဲ့ သေတာပဲ။ Rape Case ကတော့ မရှိဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

သူနာပြုဆရာမ ထိုးသွင်းဒဏ်ရာ သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး သေဆုံးသူ သူနာပြုဆရာမသည် ဗန်းမော်မြို့မှ အစ်ကိုဝမ်းကွဲဖြစ်သူ၏ နေအိမ်တွင် လာရောက်နေထိုင်နေခြင်း ဖြစ်ကြောင်း သူက ပြောသည်။

အတည်မပြုနိုင်သောသတင်းများအရ အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သူနာပြုဆရာမ မလိဆန်ပန်သည် ဗန်းမော်မြို့ မလိယန်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာ ဦးလဂျာနှင့် ဆရာမ ဒေါ်အချန်းတို့၏ သမီးဖြစ်ပြီး လူ့အခွင့်အရေးနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားသူဖြစ်သည်ဟု အမျိုးသမီးအရေးဆောင်ရွက်နေသည့် Htoi Gender and Development Organization မှ တာဝန်ခံ ဒေါ်နန်ပူက ပြောသည်။

“ဒဏ်ရာက ရှေ့ဝမ်းဗိုက်မှာ ၁၅ ကြိမ်၊ နောက်ကျောဘက်မှ ၄ ကြိမ် ထိုးသွင်းဒဏ်ရာ ၁၉ ချက်တွေ့ ရတယ်။ ကျွန်မတို့က မိသားစုအနေနဲ့ ဝင်ဖို့ လုပ်တာ၊ ဘာနဲ့ ထိုးသွင်းတယ်ဆိုတာ ကြည့်ခွင့်မပေးဘူး။ ကျွန်မတို့တော့ အမျိုးသမီးတွေက အမှုမှန်ပေါ်ပေါက်ဖို့ စစ်ချက် အမှန်တရားအတိုင်း ဖြစ်ပေါ်စေချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မွန်းလွဲပိုင်း ၂ နာရီချိန်ထိ မိခင်ဖြစ်သူ ဒေါ်အချန်းသည် သမီးဖြစ်သူ၏ အလောင်းအား ရင်ခွဲရုံတွင် သွားကြည့်ရန် ရဲစခန်းမှ ထောက်ခံစာ ယူနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

မလိဆန်ပန်သည် ၂၀၁၁ ခုနှစ်တွင် ဗန်းမော်မြို့မှ သူနာပြုကျောင်းဆင်းပြီး မန္တလေးသို့ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် အစိုးရမဟုတ်သော အဖွဲ့(NGO)တွင် အလုပ်လုပ်ကိုင်နေရာမှ Project ကုန်ဆုံးသွားသဖြင့် နားနေချိန် ဆွေမျိုးများ၏နေအိမ် ဆိုင်စောင့်နေစဉ် အသတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

သူနာပြုဆရာမ အသတ်ခံရသည့် ကြက်ပေါင်ခြံသည် မြစ်ကြီးနားမြို့မှ ၂ မိုင်ကျော် အကွာအဝေးတွင် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly