တောင်သူများ ငရုတ်ပင် စနစ်တကျ စိုက်ပျိုးရေး

10 February 2017
တောင်သူများ ငရုတ်ပင် စနစ်တကျ စိုက်ပျိုးရေး

ငရုတ်ပင်ရဲ့ မူရင်းဒေသက တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံကပဲ ဖြစ်ပါတယ်။

စိုက်ပျိုးချိန်ကို မူတည်ပြီးတော့ မိုးငရုတ်နဲ့ ဆောင်းငရုတ်ဆိုပြီး နှစ်မျိုး ခေါ်ဝေါ်ကြပါတယ်။ ဆောင်းငရုတ်မှာတော့ ကုန်းငရုတ်နဲ့ ကိုင်းငရုတ်ဆိုပြီးတော့လည်း နှစ်မျိုးရှိပြန်ပါတယ်။

ငရုတ်ပင်က မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပါတယ်။ နုံးတင်မြေနုကျွန်းတွေမှာဆိုရင်တော့ ငရုတ်စိုက်ပျိုးရန် အကောင်းဆုံးပဲဖြစ်ပါတယ်။ ငရုတ်ပင်က အပူပိုင်း စွတ်စိုတာကို ကြိုက်နှစ်သက်ပြီးတော့ ရေဝပ်ခြင်းကို မနှစ်သက်ပါဘူး။

ငရုတ်ပင်စိုက်ပျိုးရန်အတွက်က ပထမဦးစွာ ပျိုးထောင်ရန် လိုအပ်ပါတယ်။ ပျိုးခင်းမြေကို ထယ်တစ်စပ် ထွန်ရှစ်စပ် မွှေပြီးတော့ ကြမ်းတုံးတိုက်ပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အနံသုံးပေ အမြင့်ခြောက်လက်မရှိတဲ့ ပျိုးပေါင်တွေကို ပြုလုပ်ပေးရမှာပါ။ တစ်ပေါင်နဲ့တစ်ပေါင်ကိုတော့ လူသွားလမ်း တစ်ပေခန့် ခြားထားပေးရမှာပါ။

ပျိုးပေါင်တွေပေါ်မှာ နွားချေးမှုန့် မြေဆွေးမှုန့်တွေကို စကာချပြီးတော့ ပျိုးပေါင်မြေနဲ့ သမအောင် ရောပြီး မွှေပေးရမှာပါ။ ငရုတ်စေ့များကိုတော့ အဝတ်ပါးပါးနဲ့ ထုတ်ပြီး တစ်ညခန့် ရေစိမ်ထားပြီးမှ ကျဲပေးရမှာလည်း ဖြစ်ပါတယ်။ ပျိုးပေါင်များအပေါ်မှာ ငရုတ်ကို ကျဲပြီးတဲ့နောက်ပိုင်းမှာ မြေမှုန့် ပါးပါးလေး ဖုန်းပြီးတော့ အပေါ်က ကောက်ရိုး အုပ်ထားပေးရမှာပါ။

ပျိုးခင်းကို ရေသင့်ရုံ မှန်မှန်လောင်းပေးရမှာလည်း ဖြစ်ပါတယ်။ ငရုတ်ပင်များကတော့ ရက် ၄၀ သားနဲ့ ၅၀ ရက်သားမှာ စိုက်ခင်းကို ပြောင်းရွှေ့စိုက်ပေးရမှာလည်း ဖြစ်ပါတယ်။ ငရုတ်ပင်စိုက်မယ့် စိုက်ပျိုးမြေကိုတော့ ထယ်တစ်စပ် ထွန်နှစ်စပ် ဝင်ရမှာလည်း ဖြစ်ပါတယ်။

 မြေသြဇာကောင်းတဲ့ မြေကလွဲပြီး ကျန်တဲ့မြေများမှာဆိုရင်တော့ တစ်ဧကကို နွားချေး လှည်း အစီး ၂၀ မှ ၂၅ စီး ယူတီယာ ၁၀ ပိဿ တီစူပါ ၅ ပိဿ ပိုတက် ၄ ပိဿခန့်ကို ရောယှက်ပြီးတော့ သမအောင် ထွန်နဲ့ မွှေပေးရမှာလည်း ဖြစ်ပါတယ်။

စိုက်ပေါင်တန်းများကတော့ တစ်တန်းနဲ့ တစ်တန်းကို နှစ်ပေနဲ့ တစ်ပင်နဲ့တစ်ပင်ကိုတော့ တစ်ပေခွဲခန့် ခြားပြီးတော့ စိုက်ပျိုးပေးရမှာလည်း ဖြစ်ပါတယ်။ စိုက်ပျိုးပြီးပြီးချင်းမှာ   ရေလောင်းပေးရမှာလည်း ဖြစ်ပါတယ်။ မိုးငရုတ်ကို ရေသွင်းခြင်း ရေလောင်းခြင်း မပြုလုပ်ရပေမယ့် ဆောင်ငရုတ်ကိုတော့ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့်   ရေပေးသွင်းခြင်းကို   မြေအစိုဓာတ်ကိုကြည့်ပြီး ပြုလုပ်ပေးရမှာလည်း ဖြစ်ပါတယ်။ ငရုတ်ပင်က စိုက်ပျိုးပြီး နှစ်လအကြာမှာ ငရုတ်သီးစိမ်းများကို ခူးဆွတ်နိုင်ပြီး ငရုတ်သီးတောင့် အတွက်ကတော့ သုံးလကြာမှ ခူးဆွတ်နိုင်မှာလည်း ဖြစ်ပါတယ်။

ငရုတ်ပင်မှာ ကျရောက်တတ်တဲ့ ဖြတ်ပိုးများက ပုရစ်၊ ပြပိုး၊ ချေးပိုး၊ ဖြုတ်တို့ပဲ ဖြစ်ပြီး ကျရောက်တတ်တဲ့ ရောဂါများကတော့  ငရုတ်ပင် ကိုင်းဖျားခြောက်ရောဂါပဲ ဖြစ်ပါတယ်ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly