တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အင်တာဗျူး အပိုင်း(၂)

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အင်တာဗျူး အပိုင်း(၂)

မေး- ဝန်ကြီးချုပ်ရဲ့ နောက်ကွယ်က Life ကိုလည်း ပြည်သူတွေက စိတ်ဝင်စားကြမှာပဲ။ ဆိုတော့ မိသားစုအကြောင်းလေးလည်း ပြောပြပါဦးရှင့်။

ဖြေ - သားသမီးလေးယောက်ရှိပါတယ်။ ကျွန်မကတော့ ကျောင်းသူဘဝတည်းက အိမ်ထောင်ကျခဲ့တာဆိုတော့။ ကျွန်မအမျိုးသားလည်း နိုင်ငံရေးသမားပါပဲ။ နိုင်ငံရေးသမားအချင်းချင်း အိမ်ထောင်ကျခဲ့တယ်ဆိုတော့လေ။ ကလေးနှစ်ယောက်ကတော့ ရန်ကုန်မှာပါ။ တစ်ယောက် ဆရာဝန်ပါ။ ရန်ကုန်တိုင်း အား/ကာမှာ အလုပ်လုပ်ပါတယ်။ တစ်ယောက်ကတော့ B.E ပါ။ သူကတော့ ကျောင်းပြီးတည်းက ကိုယ်ပိုင်စီးပွားရေးပဲ လုပ်ပါတယ်။ တတိယကလေးကတော့ ဒီမှာ ကျွန်မနဲ့ အတူတူရှိနေပါတယ်။ သူကတော့ ကွန်ပျူတာ တက္ကသိုလ်တက်နေတာပေါ့နော်။ အငယ်ဆုံးလေးကတော့ ၁၀တန်းပါ။

မေး - အမျိုးသားကလည်း ကိုယ့်လိုပဲ နိုင်ငံရေးသမားပဲပေါ့။ ဆိုတော့ မိသားစုကလည်း တစ်ယောက် ရာထူးတာဝန်တွေကလည်း တစ်ဖက်ဆိုတော့ အဲ့ဒါကို ဘယ်လို Balance လုပ်(ချိန်ညှိ)လဲ။ မိသားစုကို ဘယ်လိုအချိန်ပေးလဲ။

ဖြေ - မိသားစုကိုလည်း အချိန်တော့ပေးရတယ်လေ။ အစ်မအမျိုးသားက အရင်တုန်းကလည်း နိုင်ငံရေးသမားဘဝကနေ ကျန်းမာရေးနည်းနည်း မကောင်းဖြစ်တာပေါ့နော်။ အစ်မတို့ရွယ်တူပါပဲ။ ဒါပေမယ့် သူက အစ်မထက် ကျန်းမာရေးညံ့တယ်။ ညံ့တယ်ဆိုတာ ငယ်ငယ်က သူက ကျောင်းသားဘဝနဲ့ တောခိုတာတွေဘာတွေ လုပ်ခဲ့တော့ နည်းနည်းလေး ခက်ခဲပင်ပန်းတဲ့ဘဝတွေကို ဖြတ်သန်းခဲ့ရတော့ နည်းနည်းလေးကျန်းမာရေးညံ့တော့ သူ့အတွက်လည်း အချိန်ပေးပြီးတော့ ပြုစုစောင့်ရှောက်ရတာပေါ့။ သူက နှလုံးလည်း သိပ်မကောင်းဘူး။ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဘာတွေ ရှိတယ်။ ကိုယ်က သူ့အတွက်လည်း အချိန်ပေးရတယ်။ စားစရာသောက်စရာတွေဆိုရင်လည်း သူက နှလုံးသွေးကြောကျဉ်းရောဂါရှိတော့ အဆီဓာတ်တွေဘာတွေ မပါတဲ့အစားအစာတွေ အစ်မကပဲ ဦးဆောင်ပြီး ချက်ပြုတ်ပေးပါတယ်။ ကိုယ့်ရဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ဝတ္တရားတွေ ကျေပွန်အောင်လုပ်ပါတယ်။ သူကလည်း နိုင်ငံရေးသမားဖြစ်တဲ့အတွက် အစ်မတို့ရဲ့ လုပ်ငန်းတွေမှာ အကြံဉာဏ်တွေပေးပါတယ်။

ဒါပေမယ့် အစ်မ အမျိုးသားက နိုင်ငံရေးသမားပေမယ့် အေးတယ်။ အစ်မလို မဟုတ်ဘူး။ စကားလည်းမများဘူး။ သူက စာဖတ်ပြီးနေတဲ့သူမျိုးဆိုတော့လေ။ ဒါပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လို့ကတော့ အကူညီတွေပေးနိုင်ပါတယ် သူလည်းလေ။ ဒါကတော့ ဒီလိုမျိုးဖြစ်သင့်တယ်။ ဟိုဟာကတော့ နိုင်ငံရေးနဲ့ပတ်သက်ရင် ဘောင်ကျော်နေတယ်။ စသဖြင့်လေ တိုင်ပင်ပြီး လုပ်ပါတယ်။

 မေး - ကိုယ်ကိုယ်တိုင်လည်း အမျိုးသမီးခေါင်းဆောင်တစ်ယောက် နေရာမှာရှိတယ်။ ကိုယ့်မှာလည်း သမီးလည်းရှိတော့ သမီးလေးကိုရော ကိုယ့်လိုဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်လဲ။ အဲ့ဒါလေးလည်း ပြောပြပါဦး။

ဖြေ - ဒါကတော့ သူတို့ဝါသနာပါမှပဲ လုပ်လို့ရတာပါ သမီးရယ်။ နိုင်ငံရေးသမားဆိုတာကတော့ စိတ်ထဲမှာ တော်တော်လေးတော့ ရင်းနှီးမြှုပ်နှံရပါတယ်။ သူတို့ဝါသနာပါရင်တော့ အစ်မတို့ကမြေတောင်မြှောက်ပေးဖို့ အဆင်သင့်ပါပဲ။ သားတွေကတော့ သိပ်ဝါသနာပါပုံမရဘူး။ သူတို့ကိုကြည့်ရတာလေ။ သမီးကတော့ အမြဲတမ်းမေးတယ်။ အခု သူ့ကို ရန်ကုန်မှာ ကျောင်းထားနေတာလေ။ သူက မေမေ နိုင်ငံရေးဆိုတာ ဘယ်လိုလဲ စသဖြင့် စူးစမ်းချင်တာပေါ့လေ။ ဒီမိုကရေစီဆိုတာ အဲ့လိုပဲလား စတဲ့ မေးခွန်းတွေကြားရတော့ သူ့အဖေနဲ့ အစ်မနဲ့က ဝမ်းသာနေတယ်။ သြော ဘာပဲဖြစ်ဖြစ်ပေါ့။ တို့မှာ ဒီသမီးလေးတစ်ယောက်ထဲရှိတာ။ နိုင်ငံရေးစိတ်ဝင်စားတယ်ဆိုပြီးတော့ပေါ့နော်။ သူ့ရဲ့ Life က ဘယ်လိုဖြစ်ဦးမလဲ။ သူ့ရဲ့ဘဝက ဘယ်လိုသွားဦးမလဲဆိုတာတော့ အစ်မတို့ ပုံသေကားချပ်တော့ ပြောလို့ မရဘူးပေါ့နော်။

 မေး - ကိုယ်က မိသားစုမှာလည်း ဦးဆောင်နေသူလို့ ပြောလို့ရတယ်ပေါ့။ နိုင်ငံရေးမှာလည်း ဦးဆောင်သူနေရာမှာရှိနေတယ်။ ဒါပေမယ့် တစ်ခါတလေ စိတ်ဓာတ်ကျတာမျိုး ရှိဖူးလား။ ငါ ဒါကို မလုပ်ချင်တော့ဘူး ဆိုတာမျိုး။

ဖြေ- အစ်မက ငယ်ငယ်လေးတည်းက စိတ်ဓာတ်မကျဘူး။ အစ်မတို့ Family Life မှာလည်း နိုင်ငံရေးသမားရဲ့ မိန်းမ ဘဝနဲ့လည်း အရင်တည်းက အခက်အခဲတွေအများကြီး ရှိခဲ့ဖူးတယ်လေ။ သူက ဘွဲ့သာရတယ်။ အလူးလူး အလဲလဲနဲ့ပေါ့။ ဟိုပြေးဒီပြေး။ ဟိုသွားဒီသွား။ ဟိုမှာထောင်ကျမှစိုးလို့ ဟိုပြေးဒီပြေးဘဝနဲ့ဆိုတော့ အစ်မကတော့ ကိုယ့်သားသမီးလေးတွေနဲ့ပဲ။ အုပ်အုပ်စဲစဲပေါ့။ အမျိုးသမီးလည်းဖြစ်တော့လေ။ အစ်မကတော့ ဘဝဒဏ်ကို အလူးလူး အလဲလဲ ခံခဲ့ရပါတယ်။ စိတ်ဓာတ်ကျရင်လည်း အစ်မကတော့လည်း ဒီမိုကရေစီဟာ ဆွေးနွေးညှိနှိုင်းအဖြေရှာတာပဲ။ ကိုယ့်စိတ်ထဲမှာ တစ်ခုခုခံစားရလို့ရှိရင်လည်း အလုပ်တူတူလုပ်နေတဲ့သူတွေနဲ့ အဖွဲ့သားတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ ဟာ ဒီကိစ္စတစ်ခုဖြစ်ပြီဆို တို့ဘယ်လိုမျိုး အခက်အခဲတစ်ခုကို ကျော်လွှားဖြတ်သန်းရမလဲဆိုတာကို အစ်မကတော့ ဒီမိုကရေစီကျင့်စဉ်အတိုင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့က ဒီမိုကရေစီကို အိပ်မက် မက်ခဲ့ကြတာလေ။ အရမ်းလည်း ခရေဇီ (Crazy) ဖြစ်ခဲ့ကြတာဆိုတော့လေ။ ဒီမိုကရေစီကျင့်စဉ်ကနေ လွဲသွားမှာကို အစ်မက အရမ်းကြောက်တယ်။ အစ်မတို့ ဝန်ကြီးအဖွဲ့က ဝန်ကြီးတွေတောင် အစ်မကို ဝန်ကြီးချုပ်က တစ်ခါတစ်လေကျရင် Decision (ဆုံးဖြတ်ချက်)တစ်ခု ချလို့ရရဲ့သားနဲ့။ ဆွေးနွေးညှိနှိုင်းတဲ့ဘက်ကို အရမ်းဇောင်းပေးတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် အမကတော့ ပြောပါတယ်။ ဒီမိုကရေစီဆိုတာ တစ်ခေါက်ဆွေးနွေးလို့မရရင်၊ နောက်တစ်ခေါက်။ နောက်တစ်ခေါက် ဆွေးနွေးလို့မရရင် နောက်တစ်ခေါက် ဒီလိုမျိုးပဲ ဆွေးနွေးရမှာလို့ပြောတော့ အခုတော့ ဝန်ကြီးတွေက နည်းနည်းတော့ အဆင်ပြေသွားကြပါတယ်။

မေး - ကိုယ်တိုင်က အမျိုးသမီးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဆုံးဖြတ်ချက် ချနိုင်တဲ့နေရာမှာလည်း ရှိနေတယ်။ ဆိုတော့ ကိုယ့်ဒေသက အမျိုးသမီးတွေ၊ အထူးသဖြင့် အမျိုးသမီးငယ်တွေကိုရော ကိုယ့်လိုမျိုးဖြစ်အောင် ဘယ်လိုလုပ်ပေးဖို့ ရှိလဲ။ လောလောဆယ်ရော ဘာတွေလုပ်ပေးနေတာတွေရှိလဲ။

ဖြေ - အစ်မတို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို အမတို့ဆီက အမျိုးသမီးတွေ သိနားလည်လာအောင် အစ်မက အမြဲပဲ EU နိုင်ငံတွေလာရင် တောင်းခံပါတယ်။ သူတို့ကို Vocational Training တွေလိုမျိုး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တွေကို နားလည်မယ့် Training တွေ ပေးပါဆိုပြီး အစ်မက အမြဲတမ်းတောင်းပါတယ်။ ဘာလို့လဲဆိုရင် အစ်မကိုယ်တိုင်က မပေးနိုင်ပါဘူး။ အရင်တော့ အစ်မ ပေးပါတယ်။ ပေးတယ်ဆိုတာ ပါတီတွင်းပေါ့နော်။ အရင်တုန်းက ဒီတာဝန်တွေဘာမှ မရှိဘူးဆိုတော့လေ။ အရင်တုန်းကဆိုရင် ဆရာဝန်အလုပ်တစ်ခုတည်းပဲရှိတယ်။   နောက်ပြင်ပဆရာဝန်လည်းဖြစ်တော့ ကိုယ့်ဆေးခန်းကတော့ ကိုယ်ကြိုက်တဲ့အချိန်ဖွင့်ဆိုတဲ့ ပုံစံမျိုးဆိုတော့ အစ်မကိုယ်တိုင် လိုက်ပေးပါတယ်။ ဒါပေမယ့် အခုအနေအထားမှာ အစ်မအနေနဲ့ ဘယ်လိုမှ လိုက်မပေးနိုင်ဘူး။ ပေးနိုင်တဲ့အနေအထားမရှိဘူးဆိုတော့လေ သူတို့တွေလာတဲ့အခါ အစ်မက အဲ့ Training ကိုပဲ တောင်းပါတယ်။ ကျွန်မတို့ပါတီတွင်းမှာဖြစ်ဖြစ်။ ဒီမှာ အမျိုးသမီးသမဂ္ဂလည်းရှိတယ်။ ကျောင်းသားသမဂ္ဂလည်းရှိတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေမှာလည်း မိန်းကလေးပါဝင်မှုက တော်တော်များတယ်။ အစ်မတို့ တနင်္သာရီတိုင်းမှာ အမျိုးသမီးပါဝင်မှုက တော်တော်လေး အားကောင်းတယ်။ သူတို့က ဝန်ကြီးချုပ်ကလည်း အမျိုးသမီး၊ ငါတို့လည်းပါဝင်ရမယ်ဆိုတဲ့ စိတ်မျိုးလည်း ရှိနေကြတဲ့အခါကျတော့လေ။ အခု နိုင်ငံရေးဆွေးနွေးပွဲတွေသွားတဲ့အခါမှလည်း အစ်မက တော်တော်လေး အားရပါတယ်။ အမျိုးသမီးတွေ ထပြီး ဆွေးနွေးနိုင်ပါတယ်။

မေး - မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးအများစုက ဆုံးဖြတ်ချက်ချဖို့ ဝန်လေးကြတယ်။ အဓိက ဆုံးဖြတ်ချက် ချလို့ရတဲ့နေရာမှာဆိုရင်လည်း အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းက အရမ်းကိုနည်းနေသေးတယ်။ ဆိုတော့ ဝန်ကြီးချုပ်အနေနဲ့ရော ဘယ်လိုမြင်ပါလဲ။ အမျိုးသမီးပါဝင်မှုများလာအောင် ဘယ်လိုလုပ်လို့ရမယ်ထင်လဲ။

ဖြေ- အစ်မ ထင်ပါတယ်။ အကြောက်တရားတွေ အမျိုးသမီးတွေမှာ လွှမ်းမိုးနေလို့ လို့တော့ ထင်တာပါပဲ။ အစ်မကတော့ ကောလိပ်တွေမှာ ကလေးတွေဆီသွားလည်တာဖြစ်ဖြစ် ပြောပါတယ်။ အကြောက်တရားဆိုတာ ရှိသင့်ရှိထိုက်တဲ့နေရာမှာတော့ ထားရမယ်။ အကြောက်တရား၊ အရှက်တရားဆိုတာ မိန်းကလေးတစ်ယောက် အနေနဲ့ ပတ်သက်ပြီးတော့ပေါ့လေ။ ဒါပေမယ့် အကြောက်တရားဆိုတာ မထားသင့်တဲ့နေရာမှာလည်း မထားရဘူးလို့။ တို့အခု ပြည်သူကရွေးချယ်တဲ့အစိုးရက အကြောက်တရားနဲ့ အုပ်ချုပ်နေတာ မဟုတ်ဘူးလေ။ ပြည်သူကို အတတ်နိုင်ဆုံး   မေတ္တာတရားနဲ့ အုပ်ချုပ်နေတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စွမ်းဆောင်မှုအောက်မှာ မပါတဲ့ပြည်သူတွေလည်း ရှိတာပေါ့။ ပြည်သူဆိုတာတော့ အားလုံး တစ်တန်းတစားတည်းတော့ ဘယ်ဟုတ်မလဲ။ ကိုယ့်လက်ချောင်းလေးတွေတောင် အတိုအရှည်မညီသေးတာဆိုတော့ သူတို့တွေကို အစ်မကတော့ အားပေးပါတယ်။ အကြောက်တရားကို အတတ်နိုင်ဆုံး လျော့ချပြီးတော့ ကိုယ့်ရဲ့ ဖြစ်စေချင်တဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖော်ထုတ်လို့ ရပါတယ်။ လူကြီးတွေဘာတွေ လာရင် ပြောပြ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့သင်တန်းတွေတက်။ နိုင်ငံခြားက ပညာတော်သင်တွေဘာတွေ သွားမယ်ဆိုရင်လည်း ရဲရဲတင်းတင်းသွားပါဆိုပြီး ကျွန်မက အမြဲတမ်းပြောပါတယ်။ ကလေးတွေ အကြောက်တရား နည်းသွားအောင်ပါ။

မေး- အခုတော့ နိုင်ငံရေးလုပ်ငန်းရှိမှာ ရှိနေတာပေါ့။ အဲ့ဒါမဟုတ်ဘဲ တခြားဝါသနာရှိမယ်ဆိုရင် ပြောပြပေးပါဦး။

ဖြေ- အစ်မကလေ ဆေးကုတာကို ငယ်ငယ်တည်းက အရမ်းကြိုက်တယ်။ မေမေကတော့ အမြဲတမ်းပြောတယ်။ အစ်မငယ်ငယ်က ကစားလို့ရှိရင် ဆေးထိုးတမ်းပဲ ကစားတတ်လို့ပြောတယ်။ အစ်မ အဲ့ဒါတော့ သေချာ မမှတ်မိပါဘူး။ ၁၀တန်းအောင်တော့လည်း အမှတ်က ဆရာဝန်အမှတ်မီတယ်။ အစ်မအမေကတော့ သူက B.Edဆိုတော့ သူက ဆရာမဖြစ်စေချင်တယ်။ သူကကျောင်းဆရာမမျိုးရိုး။ တို့ မျိုးရိုးမှာ တိမ်ကောသွားမယ်။ သမီးဆိုတာ ကျောင်းဆရာမပဲဖြစ်ရမယ်။ အစ်မတို့ အမေတို့က နည်းနည်းရှေးရိုးဆန်တယ်။ အစ်မကပဲ ကျောင်းဆရာမ သမီးမလုပ်ချင်ဘူး။ သမီးဆရာဝန်ပဲလုပ်မယ်ဆိုပြီး။ နောက်ပိုင်းနိုင်ငံရေးလုပ်ရင်း လုပ်ရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်လေ။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ပရဟိတလုပ်တဲ့လုပ်ငန်းအပေါ်မှာပဲ မူတည်တယ်။ ကိုယ်က သူများကို ဘယ်လောက်အကျိုးပြုနိုင်လဲဆိုတဲ့အပေါ်ပဲ မူတည်တယ်ဆိုတဲ့စကားကို အမအမြဲတမ်း မမေ့ဘူး။ မမေ့တော့ ပရဟိတလုပ်ငန်းတွေ စလုပ်တယ်။ နိုင်ငံရေးထဲမှာဝင်ပြီး တော်တော်လေးကြာတော့လေ။ ပရဟိတလုပ်ငန်းဆိုတာတော့ အားလုံးပဲပေါ့။ နာရေးကူညီမှုအသင်းတွေရော။ ဒီလိုဆေးသွားကုတဲ့လုပ်ငန်းတွေရော။ ကျန်းမာရေးနဲ့ပတ်သက်ပြီး တခြားဆရာဝန်တွေခေါ်ပြီး အစုအဖွဲ့နဲ့ ဆေးကုတာတွေ ခွဲစိတ်တာတွေ၊ အစ်မတို့အဲ့ဒါတွေကို ဦးဆောင်ပြီးလုပ်ပါတယ်။ ကျန်တဲ့လုပ်ငန်းတွေတော့ အစ်မတို့ ကြီးကြီးကျယ်ကျယ် မလုပ်ပါဘူး ။

 မေး- ဝန်ကြီးချုပ်တာဝန်ပြီးဆုံးတဲ့အခါကျရင် ဘာလုပ်ဖို့ စိတ်ကူးရှိလဲ။ အားလပ်သွားတဲ့ရက်မှာ သွားချင်တဲ့ နေရာတခုခုရောရှိလား။

ဖြေ - ကျွန်မအမြဲတမ်းပြောပါတယ်။ ဝန်ကြီးချုပ်တာဝန် ပြီးသွားရင် ကျွန်မကတော့ဆေးပြန်ကုမှာပဲဆိုပြီး အစ်မခင်ပွန်းကိုပြောတယ်။ အဲ့ဒါဆို အဘွားကြီးဖြစ်သွားပြီလေတဲ့။ အဘွားကြီးဆရာဝန်တွေ ဘယ်သူက သုံးတော့မှာလဲတဲ့။ ရတယ်။ သုံးတဲ့သူတွေကို ကုမယ်။ ကလေးတွေ ကျွန်မလိုက်ကုမယ်။ ကျောင်းတွေမှာလိုက်ကုမယ်လို့ ကျွန်မက အဲ့လိုမျိုး အမြဲပြောတတ်ပါတယ်။ ဆေးကုတဲ့လုပ်ငန်းကိုတော့ ကျွန်မဆက်လုပ်ဖြစ်မှာပါ။ အခုတော့မလုပ်နိုင်ဘူးပေါ့။ မလုပ်နိုင်ပေမယ့်လည်း ကိုယ့်ကိုယ်ကိုလေ ငါ ဆေးတွေပဲကုလို့ အဆင်ပြေပါဦးမလားဆိုလေ စိုးရိမ်မိတယ်။ အိမ်က ဒီမှာက အစ်မတို့မြို့မဟုတ်ဘူး။ အစ်မက ဒီကနေ ၁၇မိုင်ဝေးတဲ့ တောရွာမြို့လေးမှာနေတာ။ အိမ်မှာ ဆေးနဲ့ပတ်သက်တဲ့စာအုပ်တွေတော့ရှိတာပေါ့။ ဒီကိုအိမ်ပြောင်းလာတဲ့အခါကျတော့ စာအုပ်တွေကလည်း ထူတော့ အများကြီးလည်းမယူလာဘူးဆိုတော့ စာအုပ်တွေပြန်ရှာ ပြန်ဖတ် အဲ့လိုလည်း လုပ်တတ်ပါတယ်။ ဆရာဝန်ပဲ ပြန်လုပ်မှာပါ အစ်မက။

အင်တာဗျူး ပထမပိုင်းအားအောက်ပါလင့်တွင် ကြည့်ရန်-http://www.mizzimaburmese.com/article/23346

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly