သြဂုတ်လ တစ်ရက်တွင် အလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ကျင်းပမည်

သြဂုတ်လ တစ်ရက်တွင် အလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ကျင်းပမည်
၂၀၁၄ MFF Futsal ပြိုင်ပွဲမြင်ကွင်း။

ဇူလိုင် ၂၄၊ ရန်ကုန် ။    ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၁၅ အလွတ်တန်းဖူဆယ်ပြိုင်ပွဲကို  သြဂုတ်လ ၁ ရက် တွင် ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပပြုလုပ်သွားမည် ဟု မြန်မာနိုင်ငံဖူဆယ်ကော်မတီ ဥက္ကဌ ဦးကြည်မင်းသိန်းက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့်အသင်းများအနေဖြင့် ဇူလိုင်လ ၂၅ နောက်ဆုံးထား၍ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော် မတီသို့ စာရင်းပေးသွင်းရမည် ဖြစ်ပြီး ဝင်ကြေး အဖြစ် ကျပ်တစ်သိန်း သတ်မှတ်ထားသည်။ “

အလွတ်တန်းဖူဆယ်ပြိုင်ပွဲကို သြဂုတ်လ တစ်ရက်နေ့ သုဝဏ္ဏရုံ (၁) မှာ လုပ်မှာပါ။ အသင်းတွေကတော့ စာရင်းတွေ လာပေး ထားကြပါပြီ။ လေးဆယ်လောက်တော့ ပြိုင်ဖြစ်မယ် ထင်ပါတယ်။ ပြိုင်ပွဲကတော့ အလွတ်တန်းဖြစ်လို့ လက်ရွေးစင်ဖြစ်ဖူးတဲ့ ကစားသမားတွေလည်း ပါနိုင်ပါတယ်။ ကန့်သတ်ထားတာမျိုးမရှိပါဘူး။

ဆုကြေးတွေလည်း သေချာချီးမြှင့်သွားမည့် အပြင် အကောင်းဆုံးကစားသမား ဆုတွေလည်း ပေးဖို့စီစဉ်ထားပါတယ်။ ဒီပြိုင်ပွဲ ကနေ နောင်တချိန် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းအတွက် ကစားသမားကောင်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။

ကလေးတွေအတွက်လည်း လက်ရွေးစင်ဖြစ်မယ့် အခွင့်အလမ်းပေါ်ပေါက်လာနိုင်ပါတယ် ” ဟု ဦးကြည်မင်းသိန်း ကပြောသည်။

၂၀၁၅ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အလွတ်တန်းဖူဆယ် ပြိုင်ပွဲ၌ ဗိုလ်စွဲသည့် အသင်းအား ကျပ်သိန်းသုံးဆယ်၊ ဒုတိယဆု ကျပ်သိန်းနှစ်ဆယ်၊ တတိယနှင့် စတုတ္ထဆုရအသင်းများကိုလည်း ဆုကြေးငွေချီးမြှင့်မည်ဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု ကိုလည်း ရွေးချယ်ချီးမြှင့်သွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly