ဖီဖာကမ္ဘာ့အဆင့် ရပ်တည်မှု ထိပ်ဆုံးနေရာတွင် အာဂျင်တီးနားအသင်း ဆက်လက် ရပ်တည်

ဖီဖာကမ္ဘာ့အဆင့် ရပ်တည်မှု ထိပ်ဆုံးနေရာတွင် အာဂျင်တီးနားအသင်း ဆက်လက် ရပ်တည်
(ဓာတ်ပုံ - အီးပီအေ)

ဖီဖာမှ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ဖေဖော်ဝါရီ ၉ ရက် ကြာသပတေးနေ့က ထုတ်ပြန်လိုက်ရာ အာဂျင်တီးနားအသင်းက ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေပြီး မြန်မာအသင်းရဲ့ အဆင့်ရပ်တည်မှုမှာ အပြောင်းအလဲမရှိကြောင်း သိရပါတယ်။

အာဂျင်တီးနားက စုစုပေါင်းရမှတ် ၁,၆၃၅ နဲ့ အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရာကို ဆုပ်ကိုင်ထားပြီး ဒုတိယနေရာနှင့် တတိယနေရာတို့မှာ ဘရာဇီးအသင်းနှင့် လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီတို့ အဆင့်လိုက် ရပ်တည်နေပါတယ်။

ထိပ်ဆုံး (၁၀) သင်းနေရာမှာ ပြောင်းလဲမှု တစ်ခုသာရှိခဲ့ပြီး ပြင်သစ်အသင်းမှာ အဆင့် ၁၀ ကနေ ယခင် အဆင့် ၆ နေရာက ကိုလံဘီယာအသင်းနေရာကို အစားထိုး ဝင်ရောက်နေရာယူခဲ့ပါတယ်။ ကိုလီဘီယာအသင်းကတော့ အဆင့် ၇ နေရာဆီ တစ်ဆင့်ဆင်းသွားရပါတယ်။

ကမ္ဘာ့အဆင့် သတ်မှတ်ချက်ရလဒ်မှာ အထင်ရှားဆုံး အပြောင်းအလဲက အာဖရိကနိုင်ငံများဖလားချန်ပီယံ ကင်မရွန်းအသင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၂၉ ဆင့် ခုန်တက်ကာ အဆင့် ၃၃ မှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒုတိယဆုရရှိခဲ့တဲ့ အီဂျစ်အသင်းက ထိပ်ဆုံးအဆင့် ၂၅ အတွင်း အဆင့် ၂၃ မှာ ရပ်တည်နိုင်ခဲ့တာကို တွေ့ရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့်ရပ်တည်မှု အဆင့် (၁၅၉) မှာ ဆက်လက်ရပ်တည်ခဲ့ပြီး အပြောင်းအလဲမရှိခဲ့ပါဘူး။

ဖီဖာကမ္ဘာ့အဆင့်ရပ်တည်မှု ထိပ်ဆုံး ၁၀ သင်း

၁) အာဂျင်တီးနား
၂) ဘရာဇီး
၃) ဂျာမနီ
၄) ချီလီ
၅) ဘယ်လ်ဂျီယံ
၆) ပြင်သစ်
၇) ကိုလံဘီယာ
၈) ပေါ်တူဂီ
၉) ဥရုဂွေး
၁၀) စပိန်

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly