မလေးရှားထောက်ပံ့ရေးသင်္ဘော သီလဝါသို့ ဆိုက်ရောက်လွှဲပြောင်းခဲ့

မလေးရှားထောက်ပံ့ရေးသင်္ဘော သီလဝါသို့ ဆိုက်ရောက်လွှဲပြောင်းခဲ့

မလေးရှားထောက်ပံ့ရေးသင်္ဘောသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အထောက်အပံ့များပေးအပ်ရန် ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့သည်။

အမေရိကန်ဒေါ်လာ ၂ သိန်း ၄ သောင်းကျော် တန်ဖိုးရှိပစ္စည်းများတင်ဆောင်လာသော အဆိုပါသင်္ဘောသည် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တရားဝင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် ခေါက်ဆွဲခြောက်အထုပ် ၅သောင်း၊ ရေသန့်ဗူး ၁ သောင်း၊ Hygiene Kits (တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်း) ၁သောင်း၊ ဆန်အိတ် ၆ ထောင်၊ စုစုပေါင်းတန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၂ သိန်း ၄ သောင်းကျော် တန်ဖိုးရှိပစ္စည်းများပါဝင်လာပြီး အလေးချိန်အားဖြင့် တန် ၂၀၀ ခန့်လေးသည်။

သဘောၤဆိုက်ကပ်ရာသို့ လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာရောက်ခဲ့ပြီး အဆိုပါအကူအညီများဟာ ရခိုင်ပြည်နယ်အတွက်အထောက်အပံ့ဖြစ်စေတယ်ဟု ပြောသည်။

 “ရခိုင်ပြည်နယ်ဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဝိုင်းရံနေတဲ့ ဒေသလည်း ဖြစ်နေပါတယ်။ အခု မလေးရှားဘက်ကနေ ကူညီပေးတဲ့ အထောက်အပံ့တွေက ရခိုင်ပြည်နယ်က ဒေသခံတွေအတွက် တကယ်ကို အကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည်တယ်။ ဒီအထောက်အပံ့တွေကို မြန်မာအစိုးရဘက်က အချိန်နဲ့တပြေးညီ ဖြန့်ဝေပေးသွားမှာပါ။ ဒီထောက်ပံ့မှုဟာ မြန်မာနဲ့ မလေးရှားအကြား အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း နားလည်မှုနဲ့ စည်းလုံးညီညွတ်မှုကို ပိုမိုပေါ်လွင်အားကောင်းလာစေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အဆိုပါပစ္စည်းများကို လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးခဲ့ပြီး တပ်မတော်ရေယာဉ်များဖြင့် ရခိုင်ပြည်နယ်သို့ဆက်လက်ပို့ဆောင်ကာ ရခိုင်ပြည်နယ်အစိုးရအစီစဉ်ဖြင့် ပြန်လည်ဖြန့်ဝေသွားမည်ဖြစ်သည်။

မလေးရှားထောက်ပံရေးသင်္ဘော မြန်မာနိုင်ငံသို့လာရောက်မှုနဲ့ပတ်သတ်ပြီး ယနေ့၊ သီလဝါဆိပ်ကမ်းအနီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားရေးတပ်ပေါင်းစုမှ မျိုးချစ်ရဟန်းတော်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း တစ်ရာခန့်က မြန်မာပြည်မှာ ရိုဟင်ဂျာမရှိကြောင်း လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

ယခင်က မလေးရှားသဘောၤမှာ ရခိုင်ပြည်နယ်သို့ တိုက်ရိုက်လာရောက်ရန် ရခိုင်ပြည်နယ်အစိုးရသို့ ညှိနှိုင်းခဲ့ပြီး ပြည်ထောင်စုအစိုးရထံ တရားဝင် တင်ပြမှသာလျှင် လာရောက်ခွင့်ပြုမည်ဟု   မြန်မာနိုင်ငံဖက်က ထုတ်ပြန်ထားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုအစိုးရသို့ ညှိနှိုင်းခဲ့ပြီးနောက် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ မလေးရှားအကူညီပေးရေးသင်္ဘော ဆိုက်ရောက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly