အိုဇေးလ်အနေဖြင့် ဖလားလိုချင်လျှင် ဘိုင်ယန်မြူးနစ်သို့ပြောင်းသင့်ဟု မိုက်ကယ်ဘားလက်ပြော

အိုဇေးလ်အနေဖြင့် ဖလားလိုချင်လျှင် ဘိုင်ယန်မြူးနစ်သို့ပြောင်းသင့်ဟု မိုက်ကယ်ဘားလက်ပြော

ဖေဖော်ဝါရီ ၉၊ လန်ဒန်။        ။ အိုဇေးလ်အနေဖြင့် အဓိကဖလားများလိုချင်သည်ဆိုလျှင် အာဆင်နယ်ကိုစွန့်ခွာပြီး ဘိုင်ယန်မြူးနစ်သို့ပြောင်းခြင်းကသာလျှင် ပိုကောင်းလိမ့်မည်ဟု ချယ်လ်ဆီးနှင့် ဂျာမနီကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ဘားလက်က ပြောသည်။

အိုဇေးလ်သည် အာဆင်နယ်တွင်သုံးနှစ်ခွဲသက်တမ်းအတွင်း အက်ဖ်အေဖလားနှစ်လုံးရရှိထားသည်။ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားပြန်လည်ရယူရေးကြိုးပမ်းမှု အောင်မြင်ဖွယ်မရှိပြန်သည့် အခြေအနေကြုံလာပြီးနောက် အိုဇေးလ်၏ အမ်းမရိတ်စ်အနာဂါတ်သံသယများ ပိုမိုအားကောင်းလာခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီးတွင်ကစားခဲ့ဖူးသည့် ဘားလက်က အိုဇေးလ်သည် မိမိကိုယ်ကိုယ်အာဆင်နယ်အသင်း၏ အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်ကြောင်း သိရှိထားမည်ဟု ယုံကြည်ကြောင်းနှင့် အဓိကဆုဖလားများရယူရေးမှာ အဓိကရည်မှန်းချက်ဆိုလျှင် အမိမြေသို့ပြန်လည်ပြောင်းရွှေ့ခြင်းက ပိုကောင်းမည်ဟု ပြောသည်။

“အိုဇေးလ်က ထူးခြားတဲ့ကစားသမားတစ်ယောက်ပါ။ အာဆင်နယ်ရဲ့အကောင်းဆုံးတွေထဲကတစ်ယောက် ဆိုတာကိုလည်း သူ့ကိုယ်သူသိပါတယ်။

အသင်းအတော်များများက သူ့ကိုပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အဓိကဆုဖလားတွေလိုချင်တယ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ်မှာရဖို့ အခွင့်အလမ်းပိုကြီးပါလိမ့်မယ်”ဟု ဘားလက်က စပို့ဘေ့တ်သို့ ပြောသည်။

အိုဇေးလ်အနေဖြင့် ဘိုင်ယန်မြူးနစ်သို့ပြောင်းရန်မစဉ်းစားမီ ချန်ပီယံလိဂ်တွင်ယင်းအသင်းကိုအနိုင်ရရန် ဦးစွာအာရုံစိုက်ရ မည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် လာမည့်တစ်ပတ်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ပထမအကျော့အတွက် ဘိုင်ယန်မြူးနစ် ကွင်းသို့သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

စာချုပ်သက်တမ်း ၁၇ လသာကျန်တော့သည့် အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ရန် တုန့်ဆိုင်းလျှက် ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly