ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

ဘာသာရေးကိစ္စ ရောယှက်မေးမြန်းသည့် လွှတ်တော်အမတ် မေးခွန်းဆက်မေးခွင့် ရုပ်သိမ်းခံရ

နေပြည်တော်(ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်အမတ်တစ်ဦးက မေးခွန်းမေးမြန်းစဉ် ဘာသာရေးကိစ္စ ပါဝင်နေသည့်အတွက် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မေးခွန်းဆက်မေးခွန်း ရုပ်သိမ်းလိုက်သည်။

ဖေဖော်ဝါရီ ၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့် မေးမြန်းသည့် “စက်မှုလယ်ယာသို့ အလုံးစုံမကူးပြောင်းမီတွင် ခိုင်းကျွဲ၊ ခိုင်းနွား သတ်ဖြတ်မှုကို ထိန်းချုပ်မည့် အစီအစဉ်ရှိ၊မရှိ နှင့် ခိုင်းကျွဲ၊ ခိုင်းနွားများ လုံလောက်မှု ရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးခွန်း” အား လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

အစည်းအဝေးအစီအစဉ်(ဂ)တွင် ပါဝင်သည့် ဦးမောင်မြင့်၏ မေးခွန်း မေးမြန်းမှု မစတင်မီ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “ကိုယ်စားလှယ်တစ်ဦးရဲ့ အခွင့်အရေးမဆုံးရှုံးအောင် လွှတ်တော်နည်းဥပဒေ ၁၄၁(ဈ)မှာပါတဲ့ စည်းကမ်းချက်များအတိုင်းမေးပါ။ ဘာသာ၊ သာသနာ ရောယှက်ပြီး မေးမြန်းခြင်းမပြုရဆိုတဲ့ အချက်ကို လေးစားလိုက်နာပေးဖို့ အသိပေးပြောကြားလိုပါတယ်” ဟု ကနဦး ပြောဆိုခဲ့သည်။

ယင်းနောက် စက်မှုဝန်ကြီးဟောင်းဖြစ်သူ လွှတ်တော်အမတ် ဦးမောင်မြင့်က လွှတ်တော်တွင် မေးမြန်းခဲ့ရာ “အေးခဲ အမဲသားတွေ တရားမဝင်တင်ပို့နေမှု၊ ကျွဲ၊ နွားမှောင်ခိုတွေ ပြည်ပကို တရားမဝင်တင်ပို့နေမှု၊ ‘အိဒ်’ နေ့မှာ တရားဝင်ခွင့်ပြုကျွဲနွားထက်ပိုမိုသတ်ဖြတ်နေမှုများ ဖြစ်ပေါ်နေတယ်လို့ကြားသိရပါတယ်” ဟု ပြောဆိုသည်။

ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောဆိုမှုအပြီးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ထပ်မံ အသိပေးခဲ့သည်။

“ဘာသာ၊ သာသနာကို ရောယှက် မပြောပါနဲ့။ ကျွဲနွားသတ်ဖြတ်တဲ့ စာရင်းပဲ မေးပါ” ဟု ဦးဝင်းမြင့်က ပြောသည်။

ထိုသို့ နှစ်ကြိမ်မြောက် အသိပေးမှုအပြီးတွင် ဦးမောင်မြင့်က “မှန်ပါတယ်။ ဒီမှာ ကျွန်တော်တို့က ကျွဲ၊ နွား ဖြုန်းတီးမှုအတွက်ကို ကျွန်တော်တို့က ‘အိဒ်’ နေ့မှာ” ဟု ဆက်လက်ပြောဆိုစဉ် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က “အဲ့ဒါဆိုလို့ရှိရင်တော့ ဒီမေးခွန်းကို လွှတ်တော်ဆိုင်ရာနည်းဥပဒေ(၁၄၁)အရ ဒီမေးခွန်းကို ကျွန်တော်ဆက်ပြီး ခွင့်မပြုနိုင်ပါဘူး။ ရိုးရိုးတန်းတန်း မေးလို့ရပါတယ်။ အဲ့ဒါဆို ကျွန်တော် ဒီမေးခွန်းကို ခွင့်မပြုပါဘူး” ဟု ပြောကာ မေးခွန်းကို ရုပ်သိမ်းခဲ့သည်။

“တကယ်တော့ ဘာသာရေးကို ပြောတာမဟုတ်ဘူး။ ဒီကဏ္ဍမှာ များများသတ်နေလို့ ဦးတို့က များများပြောတာ။ အဲ့တော့ များများမသတ်ရင် ပြောစရာအကြောင်း မရှိဘူး” ဟု ဦးမောင်မြင့်က အစည်းအဝေးရပ်နားစဉ် မီဒီယာများကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly