ယခုနှစ် နှစ်ဝက်ကာလတွင်ပင် အီရန်က လူပေါင်း ရ၀၀နီးပါး ကိုသေဒဏ်ဖြင့် ကွပ်မျက်ခဲ့

ယခုနှစ် နှစ်ဝက်ကာလတွင်ပင် အီရန်က လူပေါင်း ရ၀၀နီးပါး ကိုသေဒဏ်ဖြင့် ကွပ်မျက်ခဲ့

တီဟီရန်၊ ဇူလိုင်-၂၄ ။       ။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ ၂၀၁၅ခုနှစ်၏ ပထမနှစ်ဝက်ကာလတွင်ပင် အီရန်က လူပေါင်း ၆၉၄ယောက်ကို ကွပ်မျက်သုတ်သင်ခဲ့သောကြောင့် နိုင်ငံ၏ သေဒဏ်အသုံးပြုမှု သမိုင်းကြောင်းတွင် မကြုံစဖူး မြင့်တက်မှုပင်ဖြစ်သည်ဟု ဆိုသည်။

ယခုနှစ် ယခုအချိန်အထိ လူပေါင်း ၇၀၀နီးပါးကို ကွပ်မျက်လိုက်သည့်အတွက် အီရန်မှာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက အစီရင်ခံခဲ့သည့် ယမန်နှစ်က ကမ္ဘာနှင့်အဝန်း သေဒဏ်ဖြင့် သုတ်သင်ခံရသည့်အရေအတွက် ၇၄၃ယောက် ကိုကျော်လွန် သွားတော့မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။

အီရန်အစိုးရက တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများမှာ နိမ့်ကျနေသော်လည်း ယမန်နှစ် တစ်နှစ်လုံးတွင် လူပေါင်း ၂၈၉ဦးကို ကွက်မျက်ခဲ့ရာတွင် ယခုနှစ်တွင်မူ ဇူလိုင်လ ၁၅ရက်နေ့အထိ လူပေါင်း ၂၄၆ယောက်ကို ကွပ်မျက်ခဲ့သည်ဟု တီဟီရန်က တရားဝင်သတင်းထုတ်ပြန်ခဲ့သောကြောင့် အရေအတွက်အနေဖြင့် အကြီးအကျယ်မြင့် တက်လာခဲ့သည် ကိုဖော်ပြနေသည်။

အီရန်၏ ၂၀၁၅ခုနှစ် ကွပ်မျက်မှုအများစုမှာ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်နေသည်။ အီရန်နိုင်ငံ၏ ပြင်းထန်လွန်းသည့် မူးယစ်ဆေးဝါးဥပဒေများက မူးယစ်ဆေးများကို သတ်မှတ်ထားသော ပမာဏထက်ပိုမို၍ ရောင်းဝယ်ဖောက်ကားခြင်းအပါအဝင် မူးယစ်ဆေးနှင့်ပတ်သက်သည့် ရာဇဝတ်မှုအတော်များများအတွက် သေဒဏ်စီရင်နိုင်ခွင့်ကို ပေးထားသည်။   

အီရန်နိုင်ငံတွင် ဘာသာအယူဖောက်ပြန်မှုနှင့် လိင်ဖောက်ပြန်မှုအပါအဝင် သေဒဏ်ပေးနိုင်သည့် အခြားရာဇဝတ်မှုများလည်း အမြောက်အများပင် ရှိနေသည်။ လူ့အခွင့်အရေးအုပ်စုများကမူ ယုံကြည်မှုနှင့် လိင်ဆိုင်ရာအပြုအမူများအတွက် အီရန်၏ ရက်စက် ကြမ်းကြုတ်သော အမှုစီရင်မှုအပေါ် အပြင်းအထန် ဝေဖန်နေကြသည့်အပြင် အီရန်၏ တရားရေးစနစ်မှာ စံမမှီကြောင်း လည်းထောက်ပြနေကြသည်။

‘သေဒဏ်ပေးတာဟာ အမြဲတမ်းပဲ မနှစ်မြို့စရာပါ။ ဒါပေမယ့် အီရန်လို တရားစီရင်မှုတွေ ဗြောင်ကျကျ မမျှတတဲ့နေရာမှာ ဆိုရင်တော့ ပိုပြီးတော့ စိုးရိမ်စရာပါ’’ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ အရှေ့အလယ်ပိုင်း လက်ထောက် ဒါရိုက်တာဆိတ် ဘူမီဒူဟာက ပြောကြားခဲ့သည်။

အီရတ်၊ ဆော်ဒီအာရေဗျနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်သော သေဒဏ်ပေးသည့်နိုင်ငံများစာရင်းတွင် အီရန်မှာနှစ်စဉ် ကွပ်မျက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly