တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အင်တာဗျူး အပိုင်း(၁)

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အင်တာဗျူး အပိုင်း(၁)

မေး - မင်္ဂလာပါရှင်။ ပထမဆုံးအနေနဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်အနေနဲ့ မဇ္ဈိမကို အခုလို အချိန်ပေးတွေ့ဆုံပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ပထမဆုံးမေးခွန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တာ အခုဆိုရင် ၉လရှိပြီဆိုတော့ ဒီ ၉လအတွင်းမှာ ဘာတွေ လုပ်ဆောင်ခဲ့လဲ။

ဖြေ- တနင်္သာရီတိုင်းဒေသကြီးအတွက်ကတော့ အစ်မတို့ အစိုးရတက်လာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်လာတော့ သူက ဘာကို လမ်းညွှန်လဲဆိုရင် Infrastructure ဖြစ်တဲ့ လျှပ်စစ်မီး၊ လမ်း၊ အလုပ်ကိုင်အခွင့်ဆိုပြီး မူဝါဒချခဲ့တယ်ပေါ့။ ကိုယ့်တိုင်းဒေသကြီးအတွင်းမှာ လမ်းတွေကောင်းအောင် လုပ်ရမယ်။ လျှပ်စစ်မီးရအောင်၊ ဈေးပေါပေါနဲ့ရအောင် လုပ်ရမယ်။ နောက်ပြီး ကိုယ့်ဒေသတွင်းက ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ကောင်းကောင်းရအောင်လုပ်ပေးရမယ် ဆိုတဲ့ မူဝါဒသုံးရပ်နဲ့ အစ်မတို့ စပြီး လုပ်ခဲ့တာပေါ့။

တနင်္သာရီတိုင်းမှာ လမ်းကတော့ မဆိုးဘူးဆိုတဲ့အခြေအနေမှာ ပြောလို့ရတယ်။ လျှပ်စစ်မီးကတော့ မဟာဓာတ်အားလိုင်းကပေးတဲ့ လျှပ်စစ်မရှိဘူး။ သူက တစ်နေရာနဲ့ တစ်နေရာဆက်သွယ်ဖို့ ခက်တဲ့အတွက်ကြောင့် မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းကြားမှာ မဟာဓာတ်အားလိုင်းက ဆက်ထားတာမရှိလို့ လျှပ်စစ်မီးအခက်အခဲရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းကလည်း ဒေသဖွံ့ဖြိုးတိုးတက်မှ အလုပ်အကိုင်များများရှိမှာလေ။ နောက်တစ်ခုက လျှပ်စစ်မီးနဲ့လည်းပတ်သက်နေတာပေါ့။ လျှပ်စစ်မီးမရှိရင် ဒေသက ဖွံ့ဖြိုးတိုးတက်ဖို့ နှေးတယ်။ ဒါကြောင့် လျှပ်စစ်မီးရအောင်လည်း အစ်မတို့ ကြိုးစားပြီးလုပ်တာပေါ့။ နောက်တခါ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တယ်။ အစ်မတို့မှာ ခရိုင် ၃ ခရိုင် ရှိတယ်။ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်မှာ သူနဲ့ လိုက်လျောညီထွေတဲ့ စီးပွားရေးလုပ်ငန်းတွေ အစ်မတို့ ကြိုးစားပြီး လုပ်ပါတယ်။

 မေး - အခုလိုမျိုးလုပ်ဆောင်ရတဲ့အခါမှာ ဘယ်လိုအရာတွေကို အားရကျေနပ်မှုရှိလဲ။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကရော ဘာတွေလဲ။

ဖြေ- အားရကျေနပ်မှုကတော့ လမ်းတွေတော့ တော်တော်လေးကောင်းအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ အစ်မတို့ အစိုးရသစ်လက်ထက်မှာ လမ်းတွေရဲ့အရည်အသွေးတွေ တိုးတက်လာအောင်ပေါ့။ အစ်မဆို သိပ်တောခေါင်တဲ့နေရာကလွဲလို့ ကားလမ်းနဲ့အရောက်အပေါက်ရှိတာနေရာတွေအားလုံးကို အစ်မကိုယ်တိုင် လိုက်ကြည့်တယ်။ လမ်းတိုးချဲ့တဲ့နေရာတွေမှာလည်း သတ်မှတ်ထားတဲ့ပေ ပြည့်အောင် တိုးချဲ့တယ်။ နောက် လမ်းတစ်လမ်းပဲဖြစ်ဖြစ်၊ အိမ်တစ်အိမ်ပဲဖြစ်ဖြစ် အဓိကတော့ အောက်ခံပဲလေ။ အောက်ခံမှာ ကောင်းအောင် တော်တော်လေး စစ်ဆေးပါတယ်။

လမ်းနဲ့ပတ်သက်လို့ကတော့ တော်တော်လေးအားရပါတယ်။ လျှပ်စစ်မီးနဲ့ ပတ်သက်လို့ကတော့ နည်းနည်းစိန်ခေါ်မှုရှိတယ်။ အစ်မတို့ဆီမှာ မဟာဓာတ်အားလိုင်းမရတော့ ပြည်သူတွေက တစ်ယူနစ်ကို ၅၀နဲ့ လျှပ်စစ်မရဘူး။ မရတော့ ဒီမှာ ဂတ်စ်ထွက်တယ်။ ဒါပေမယ့် ဂတ်စ်ကို ဈေးကြီးကြီးနဲ့ ပေးဝယ်ရတယ်။ ဒီဂတ်စ်ကနေ လျှပ်စစ်ထုတ်တဲ့ နည်းပညာတွေကလည်း အရမ်းမြင့်မားတယ်။ အဲ့ဒီ့အတွက်ကြောင့် စက်တွေလည်း အစ်မတို့ ငှားရတဲ့အတွက်ကြောင့် လျှပ်စစ်ကတော့ အခုလောလောဆယ်မှာ တစ်ယူနစ်ကို ၃၀၀ ရှိနေတဲ့အတွက်ကြောင့် နိုင်ငံခြားပဲဖြစ်ဖြစ်၊ ပြည်တွင်းပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နံှမှုတွေတော့ နည်းနေသေးတာပေါ့။

ဒါ အစ်မတို့အတွက် စိန်ခေါ်မှုပေါ့။

မေး- ဝန်ကြီးချုပ်အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေ လုပ်ရတဲ့အခါမှာ ဘယ်လို အခက်အခဲတွေရှိလဲ။ ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာ စိန်ခေါ်မှုအပြင်  ကိုယ်က အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက်ရော အဲ့ဒီအပေါ်မှာ ဘာတွေထူးပြီး အခက်အခဲတွေရှိလား။

ဖြေ- အစ်မတို့ဒေသမှာတော့ အဲ့လောက်ကြီးတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ အခက်အခဲမရှိပါဘူး။ ကြီးကြီးကျယ်ကျယ် အခက်အခဲတော့မရှိဘူးပေါ့နော်။ ဒါပေမယ့် ဘာအခက်အခဲတော့ရှိလဲဆိုတော့ အစ်မက ငယ်ငယ်တည်းက အသက် ၂၆ တည်းက ဆရာဝန်ဖြစ်ခဲ့တဲ့သူ။ ဆရာဝန်ဘဝမှာပဲ ကျင်လည်ခဲ့တဲ့သူဆိုတော့လေ အုပ်ချုပ်ရေးပိုင်းအနေနဲ့လို့ အားနည်းတယ်။ ဒါ အမှန်အတိုင်းပဲပြောတာ။ နိုင်ငံရေးသမားဘဝတုန်းကလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ တစ်ခါမှ မလေ့လာခဲ့ဖူးဘူး။ တို့တွေက နိုင်ငံရေးသမားပဲ။ တို့တွေက ဒီမိုကရေစီကို သဘောကျလို့ လုပ်တယ်ဆိုပြီး။ အစ်မက အရင်တုန်းက ပရဟိတလုပ်ငန်းလုပ်တာများတယ်။ နိုင်ငံရေးလုပ်တယ်။ ပရဟိတလုပ်ငန်းလုပ်တယ်။ နယ်တွေသွားတယ်။ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။ ရွာတွေမှာ အစ်မတို့သွားပြီး မိသားစုလိုက်သွားပြီး နေတယ်။ သူတို့ကို Health Education တွေပေးတဲ့အခါကျတော့ အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးတော့ အားနည်းချက်ရှိတယ်။ အစ်မလည်း အမြဲတမ်းဝန်ခံပါတယ်။ အုပ်ချုပ်ရေးဆိုတာ အခုမှစပြီးတော့ လေ့လာရတဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အခက်အခဲရှိတယ်။ ဒါပေမယ့်လို့ တစ်ဖြည်းဖြည်း၊ တဖြည်းဖြည်း လေ့လာမှုအားကောင်းလာတော့လည်း အဆင်တော့ပြေလာပါတယ်။ ပိုပို၊ ပိုပိုပြီး တိုးတက်လာတယ်လို့ ကိုယ့်ကိုယ်ကို မြင်တာပေါ့နော်။

ဥပမာ မြေယာပိုင်ဆိုင်မှုဆိုရင် အစ်မတို့အရင်က နားမလည်ပေမယ့် အခုတဖြည်းဖြည်း နားလည်လာပါတယ်။ ဒီမှာ နည်းနည်းလေး အခက်အခဲရှိတာက မြေယာပါပဲ။   မြေယာနဲ့ပတ်သက်လို့   ပြဿနာတွေ တော်တော်လေးကို များပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ၊ လိုက်နာဆောင်ရွက်ရမယ့် rules and regulations တွေကတော့ တော်တော်လေးကို အဆင်ပြေလာပါပြီ။

မေး- အရင်တုန်းက Life က ဆရာဝန်တစ်ယောက်ရဲ့ Life ကနေ အုပ်ချုပ်ရေးဘက်ကို ပြောင်းဖို့က ဘယ်လိုဖြစ်သွားတာလဲ။ မျှော်လင့်မထားဘဲနဲ့ ဖြစ်သွားတာလားရှင့်။

ဖြေ- မျှော်လင့်မထားဘဲဖြစ်သွားတာပါပဲ။ ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံစဉ်ကာလကတည်းက အစ်မက တကယ်တန်းဆို ရွေးချယ်မခံချင်ပါဘူး။ အစ်မမှာလည်း ၁၀တန်းအရွယ် သမီးလေးတစ်ယောက်ရှိတယ်။ သမီးမိန်းကလေးဖြစ်တဲ့အတွက် အမေရဲ့ထိန်းသိမ်းမှုလိုအပ်တယ်ဆိုပြီး အစ်မက ရွေးကောက်ပွဲကို မဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒီသမီးလေး ကျောင်းတွေဘာတွေပြီးလို့ နောက်ထပ် လေး၊ ငါးနှစ်လောက် နေမှပဲ ပြန်လုပ်မယ်ဆိုပြီး နိုင်ငံရေးကို ပရဟိတလုပ်ငန်းနဲ့ပဲသွားမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားတာပါ။ ဒါပေမယ့် ဘေးပတ်ဝန်းကျင်က နိုင်ငံရေးလုပ်တဲ့သူတွေကလည်း ဝင်လိုက်ပါ။ နင်မဝင်ရင် ဘယ်သူကဝင်မှာလဲဆိုပြီး ဝင်ဖြစ်သွားတာ။ ရောရောယောင်ယောင်နဲ့ပဲ။ (ရယ်လျက်) ဝင်ဖြစ်သွားပြီးတော့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်စဉ်ကာလကလည်း ကျွန်မကတော့ ကျွန်မရဲ့ အမြဲတမ်းလုပ်ငန်းဖြစ်တဲ့ ဒီပရဟိတ၊ လူတွေကိုဆေးလိုက်ကုတဲ့လုပ်ငန်းကိုပဲ လုပ်ဖို့ အမြဲတမ်းပဲ မျှော်မှန်းနေတာပါ။ ဒါပေမယ့် နိုင်ငံရေးပါတီက တာဝန်ပေးတော့၊ နိုင်ငံရဲ့အရွေ့တစ်ခုမှာ ဝင်လုပ်ရမယ်ဆိုတော့ မထင်မှတ်ဘဲ ဖြစ်လာတဲ့အတွက်ကြောင့်လည်း အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ဆောင်ရွက်ပါတယ်။

 မေး- ကိုယ့်ကို ဝန်ကြီးချုပ်အဖြစ် စပြီး တာဝန်ပေးလိုက်တယ်လို့ သိတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ စိုးရိမ်မှု ရှိလား။ စိုးရိမ်မှုရှိခဲ့တယ်ဆို အဓိက ဘယ်လိုအချက်တွေကို စိုးရိမ်တာလဲ။

ဖြေ- ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ရမယ်လို့ အစ်မကိုယ် အစ်မ တစ်ကယ်ကို မယုံခဲ့ပါဘူး။ အမှန်အတိုင်းပဲပြောတယ်။ တခြားအမျိုးသားနိုင်ငံရေးသမားတစ်ယောက်က ဝန်ကြီးချုပ်ဖြစ်မယ်လို့ အစ်မတို့တွေ စိတ်ထဲမှာ ထင်မြင်ယူဆတာပေါ့နော်။ ကျွန်မကတော့ ရိုးရိုးတိုင်းလွှတ်တော်ကိုယ်စားလှယ်၊ ဒါမှမဟုတ်ရင် သူတို့ပေးချင်တယ်ဆိုရင်လည်း လူမှုရေးဝန်ကြီး၊ ကိုယ်ကတော့ ကျန်းမာရေးနဲ့ ပတ်သက်နေတယ်ဆိုတော့လေ။ အဲ့လောက်ပဲပေးမယ်လို့ အမအနေနဲ့ ခံယူတာပါ။ ဒါပေမယ့် တကယ်တန်းကျတော့ ကိုယ့်ပါတီက ကိုယ့်ကို တာဝန်ပေးလာတဲ့အခါကျတော့ ပေးလာတဲ့တာဝန်ကို အတတ်နိုင်ဆုံးဆောင်ရွက်မယ်လို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့်လို့ အရင်အစိုးရနဲ့ ကျွန်မတို့အစိုးရနဲ့ ကြားထဲမှာ ပေါင်းကူးတံတားမရှိဘူးလေ။ ပေါင်းကူးတံတားမရှိဘူးဆိုတာ နိုင်ငံတစ်နိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် Hand Over (လုပ်ငန်းလွှဲပြောင်းပေး) ဆိုတာ ရှိမှ မရှိတာ။ Hand Over မရှိတဲ့အခါကျတော့ ဟိုဘက်က ပြဿနာတွေ အစ်မတို့ဘက်မှာ လာပြီးပုံမှာကြောက်တယ်။ ပြည်သူတွေရဲ့ အားမလိုအားမရဖြစ်တာတွေကို ခံစားရမှာကြောက်တယ်။ ဒါပါပဲ။ ကျန်တာတွေကတော့ ကြိုးစားရင် ကြိုးစားသလိုတော့ ဖြေရှင်းလို့ ရမယ်လို့ ထင်ပါတယ်။

မေး - တကယ်တမ်း လုပ်ရတဲ့အခါမှာ ကိုယ့်အလုပ်တာဝန်အပေါ် ကျေနပ်အားရမှုရှိလား။ ခုနပြောခဲ့သလို မမျှော်လင့်ဘဲ ဒီတာဝန်ကို ပေးခံရတဲ့အတွက် ဘယ်လို စိန်ခေါ်မှုတွေ၊ အခက်ခဲတွေရှိလဲ။

ဖြေ - စိန်ခေါ်မှုတွေကတော့ အမျိုးသမီးတစ်ယောက်အတွက် အများကြီးပေါ့နော်။ အများကြီးဆိုတာ အစ်မတို့အတွက်ကလည်း တစ်ခါမှ အစ်မ အစိုးရအလုပ်ကို ၁၀နှစ်လောက်တော့ လုပ်ဖူးတယ်။ လုပ်ဖူးတယ်ဆိုတာ ဆေးရုံမှာ ဆေးရုံအုပ်တွေဘာတွေတော့ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကိုယ့်ဆေးရုံကလူက နည်းနည်းလေးပဲလေ။ ဒီမှာက ထွေအုပ်တွေရော၊ ဘာတွေရော တခြားဌာနတွေအများကြီးကို အုပ်ချုပ်ရတဲ့အခါကျတော့ တော်တော်လေးတော့ အခက်အခဲဖြစ်ပါတယ်။ စပြီးတော့အလုပ်ဝင်တဲ့အချိန်မှာ အားလုံးကို နားမလည်တဲ့အတွက်ကြောင့်မို့ပေါ့ ။ တော်တော်လေးကို နားလည်အောင်ကြိုးစားရတယ်။ နောက် Rules and Regulations တွေလည်း ပြန်ပြီးတော့ ဖတ်ရတယ်။ အစ်မတို့က နိုင်ငံရေးသမား၊ ဒီမိုကရေစီစနစ်ကို အရမ်း နှစ်သက်မြတ်နိုးလို့ ကျောင်းတက် ကတည်းကပေါ့နော်။ ကြိုက်တဲ့အတွက်ကြောင့် လေ့လာလိုက်စားရုံမျှပဲ။ နိုင်ငံရေးလေ့လာလိုက်စားတဲ့သူ ဘဝကနေ အုပ်ချုပ်ရေးတာဝန်ကို ယူရတဲ့အတွက် အခက်အခဲကတော့ အများကြီးရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly