ဆိုမာလီဝန်ကြီးချုပ်ဟောင်း သမ္မတ အဖြစ် ရွေးကောက်ခံရ

ဆိုမာလီဝန်ကြီးချုပ်ဟောင်း သမ္မတ အဖြစ် ရွေးကောက်ခံရ

မိုဂါဒစ်ရှုး၊ ဖေဖော်ဝါရီ ၉ ။                   ။ ဆိုမာလီတွင် တာဝန်ထမ်းဆောင်ဆဲ သမ္မတ ဟာဆန်ရှိတ်မိုဟာမတ်က လွှတ်တော်အမတ်တွေရဲ့ ဒုတိယအကြိမ်မဲပေးမှုမှာ ဆုံးနိမ့်တယ်ဝန်ခံခဲ့ပြီးနောက်မှာ ယခင်ဝန်ကြီးချုပ်ဟောင်း မိုဟာမတ်အဒူလာဟီဖာမာဂျိုက သမ္မတအဖြစ် ဖေဖော်ဝါရီ ၈ ရက်မှာ ရွေးကောက်ခံရပါတယ်။

“ဒါဟာ ဆိုမာလီနိုင်ငံ စည်းလုံးညီညွတ်မှုရဲ့ အစပါပဲ။ အယ်လ်ရှာဘတ်စစ်သွေးကြွတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ထုတ်ရေး စတင်တာလည်းပဲဖြစ်တယ်။”လို့ ရွေးကောက်ပွဲမှာ ထူးထူးကဲကဲ အနိုင်ရတဲ့ ဖာမာဂျိုက ပြောပါတယ်။ ပဋိပက္ခတွေနဲ့ မတည်ငြိမ်ရာ ဆိုမာလီနိုင်ငံအတွင်းမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ် ရေရှည်ကြာမြင့်ပြီးနောက်မှ ဖာမာဂျိုက အနိုင်ရခြင်းလည်းဖြစ်ပါတယ်။

ခြောက်နာရီကြာ ဒုတိယအသုတ်မဲပေးမှုရလဒ်မှာ ဖာမာဂျိုက လိုအပ်တဲ့ သုံးပုံနှစ်ပုံ လူများစုမဲ ရရှိခဲ့ခြင်းမရှိပေမယ့် မဲရလဒ် ၁၈၄ မဲရပြီး သမ္မတရှိတ်မိုဟာမတ်က ၉၇ မဲပဲ ရခဲ့တာဖြစ်တာကြောင့် တတိယအသုတ် မဲပေးစရာ မလိုတော့ပဲ ဖာမာဂျိုက အနိုင်ရခြင်းဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲအထိမ်းအမှတ်ပွဲတွေ မိုဂါဒစ်ရှုးမြို့တော်မှာ ကျင်းပကြပါတယ်။ ဒီအပြင်လည်း ကင်ညာနိုင်ငံအရှေ့ပိုင်းမှာ ရှိနေတဲ့ ကမ္ဘာ့အကြီးဆုံး ဆိုမာလီဒုက္ခသည်စခန်းမှာလည်း ပျော်ရွင်ပွဲတွေ ကျင်းပကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။

အသက် ၅၅ နှစ်ရှိတဲ့ ကလေးလေးယောက်ဖခင်ဖြစ်သူ ဖာမာဂျိုက အမေရိကန်နဲ့ ဆိုမာလီ နှစ်နိုင်ငံသား ပူးတွဲကိုင်ဆောင်ထားသူဖြစ်ပါတယ်။

ဖာမာဂျိုဟာ ၂၀၁၀ နဲ့ ၂၀၁၁ ကြားမှာ ရှစ်လကြာပဲ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့ရပြီး ဖြုတ်ချခံခဲ့ရသူလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly