မုံးကိုးဘာသာရေးဆရာ နှစ်ဦးကို မတရားအသင်းပုဒ်မအပြင် ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် တိုးမြှင့် တရားစွဲ

မုံးကိုးဘာသာရေးဆရာ နှစ်ဦးကို မတရားအသင်းပုဒ်မအပြင် ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် တိုးမြှင့် တရားစွဲ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ချင်းမိုင်၊ ဖေဖော်ဝါရီလ ၈  ။            ။ ရှမ်းပြည်နယ် မုံးကိုးမြို့မှ ဘာသာရေးဆရာနှစ်ဦးဖြစ်သော ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဆရာ လန်ဂျောဂမ်ဆိုင်းတို့အား ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် ထပ်မံ တိုးမြှင့် တရားစွဲဆိုလိုက်သည်ဟု ၎င်းတို့၏ မိသားစုနှင့် ရှေ့နေက ပြောသည်။

သူတို့ နှစ်ဦးကို တပ်မတော်၏ ရှေ့တန်းအမှတ် (၁၄) ခြေမြန်တပ်ရင်းက ဖမ်းဆီးခဲ့ပြီး မူဆယ်မြို့မ ရဲစခန်းသို့ လွဲပြောင်းပေးခဲ့ကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တရား စွဲဆိုခဲ့ရာမှ ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မူဆယ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က ရုံးထုတ်တာက တရားရုံးကို အမှုစွဲတင်တာပါ။ သူတို့ကို တရားစွဲတာက မတရားအသင်း ပုဒ်မ ၁၇၊ ၁ တစ်မှုပါမယ်။ ဆိုင်ကယ်မှာ လိုင်စင်မရှိလို့ ပို့၊သွင်း ပုဒ်မ ၈ နဲ့ နှစ်မှုစွဲပါတယ်။ သူတို့အမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဥပဒေအတိုင်းသွားမှာပါ”ဟု သူတို့နှစ်ဦးအမှုအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဘရန်ဒီးက မဇ္ဈိမကို ပြောသည်။

အဆိုပါအမှုကို လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရုံးချိန်း ပေးထားသည်ဟု သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မူဆယ်မြို့မ ရဲစခန်းတွင် ဘာသာရေးဆရာနှစ်ဦးမှ မိသားစုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ပြီး ယမန်နေ့တွင် တရားရုံးထုတ်၍ ရမန်ယူခဲ့သည်။ သင်းထောက် ဆရာ နောင်လတ်သည် လက်ရှိ ရင်ဘတ်နာခြင်း၊ အသက်ရှူကြပ်သည့် ဝေဒနာ ခံစားနေရပြီး ဦးဂမ်ဆိုင်းသည်လည်း နာမကျန်းဖြစ်နေသည်ဟု ယမန်နေ့ တွေ့ဆုံခဲ့သည့် ဦးနောင်လတ်၏ သမီး ဒေါ်ခေါန်မိုင်က ပြောသည်။

“မနေ့က ရုံးထုတ်တာက အဖေတို့ကို စစ်ဆေးတာတော့ မရှိသေးဘူး။ ဆိုင်ကယ်လိုင်စင်မရှိလို့ ဆိုပြီး ပုဒ်မတစ်ခုထပ်စွဲထားတယ်။ အဖေက ကျန်းမာရေး သိပ်မကောင်းဘူး။ အသက်ရှူကြပ်လို့ ည ည အိပ်မရဘူးလို့၊ ရင်ဘတ်နာတယ်လု့ိ ပြောတယ်။ ဦးဂမ်ဆိုင်းကလည်း ဖျားနေလို့ အဖျားတွေ တက်နေလို့ အမာစာတွေ စားလို့ မရဖြစ်လို့ ဆန်ပြုတ်ပဲ သောက်နေတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သူတို့ နှစ်ဦးအား မုံးကိုးမြို့ရှိ တပ်မတော်၏ ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံးသွားသည်ဟု ဒေသခံများက ပြောဆိုခဲ့ပြီးနောက် ၂၅ ရက်ကြာ ပျောက်ဆုံးခဲ့ရာမှ သူတို့နှစ်ဦးသည် KIAအတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင်း ဖမ်းဆီးထားသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly