ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူမှု ကန့်ကွက်နေသည့်ကြားက ဆက်လက် လုပ်ဆောင်နေဟုဆို

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူမှု ကန့်ကွက်နေသည့်ကြားက ဆက်လက် လုပ်ဆောင်နေဟုဆို
ဓာတ်ပုံ-KPCC Facebook

ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။             ။  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်း ဆိုင်းငံ့ရန် ကချင်နိုင်ငံရေးပါတီများက ကန့်ကွက်နေသော်လည်း ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်ဟု ကချင်နိုင်ငံရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်နိုင်ငံရေးပါတီ ၄ ခု ပူးပေါင်းဖွဲ့စည်းထားသော ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(KPCC)က ဖေဖော်ဝါရီလ ၆ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ကန့်ကွက်စာပေးပို့ခဲ့သော်လည်း ယနေ့ထိ မည်သို့မျှ အကြောင်းပြန်ခြင်း မရှိသလို၊ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူသည့် လုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်နေသည်ဟု KPCC မှ အတွင်းရေးမှူါ် အဖွဲ့ဝင် ဦးဂျောဆန်နော်က ပြောသည်။

“ဘာမှတော့အကြောင်းမပြန်သေးဘူး။ ဒါပေမဲ့ ဒီမနက်သွားကြည့်တော့ လုပ်နေတဲ့ လူတွေကတော့ ဆက်တိုက်လုပ်နေတုန်းပဲ။ အဓိကတော့ အခုက စစ်ဘေး၊ စစ်ပွဲတွေ ဖြစ်နေတဲ့အခါကြတော့ ကိုယ့်ဒေသမှာ ငြိမ်းချမ်းရေးလိုချင်တယ်။ ပင်လုံရဲ့ ကတိကဝတ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်မှ ဗိုလ်ချုုပ်ကြေးရုပ် စိုက်တဲ့ ကိစ္စဆောင်ရွက်သင့်တယ်ဆိုတာ ကချင်လူထုက သဘောထားရှိတယ်။ ကျွန်တော်တို့ကတော့ အဆောတလျင် မလုပ်စေချင်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးပို့ထားသောစာနှင့် ပတ်သက်၍ အကြောင်းခြင်းမရှိသလို၊ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု ဆက်လက်လုပ်ဆောင်နေပါက လူထုနှင့်အတူ ဆက်လက် ကန့်ကွက်သွားမည်   ဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော်တို့ကတော့ ဆက်ပြီးတော့ ကန့်ကွက်တိုက်တွန်းသွားမှာပဲ။ ဝန်ကြီးချုပ်ကို ပို့တဲ့ကိစ္စ ဘာမှ အကြောင်းပြန်လာခြင်းတော့မရှိသေးဘူး။ ကျွန်တော်တို့ ကချင်နိုင်ငံရေးပါတီက ကိုယ့်ဒေသမှာ ငြိမ်းချမ်းရေး ကို ဦးစားပေးလုပ်စေချင်တယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ကချင်လူထုအနေဖြင့် စစ်မက်များ ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးဒုက္ခရောက်နေသော အချိန်ကာမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူရေးထက် ဗိုလ်ချုပ်၏ ပင်လုံ ကတိကဝတ်ကို ဦးစားပေး အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ကချင်ပြည်သူလူထုများက လိုလားပြီး ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော လွတ်လပ်မှုနှင့် တန်းတူညီမမှမှုရှိသော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု   ပေါ်ပေါက်လာသည့် အချိန်ကာလနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်များ ပြီးပြည့်စုံလင်မှသာလျှင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးကိစ္စရပ်များကို စီမံဆောင်ရွက်စေလိုကြောင်း ယင်းတို့၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူနိုင်ရန် မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီးရှိ မြို့လယ်နာရီစင်နှင့် စိမ်းမြဧရာဥယျာဉ်အကြား မြေကွက်လပ်တွင် မြေနေရာများကို သတ်မှတ်ပြင်ဆင်   ဆောင်ရွက်နေသည်ဟု စာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုလုပ်ဆောင်နေခြင်းနှင့် ပတ်သက်၍ ယခင်နှစ်နှင့် ယခု ဇန်နဝါရီလအတွင်းက ကချင်အတိုင်ပင်ခံအဖွဲ့(WMR)က ဆိုင်းငံရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား စာရေးသားပေးပို့ထားသော်လည်း ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။

KPCC တွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်ပါတီ(KNCD)၊ ကချင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကချင်အမျိုးသား ကွန်ကရက်ပါတီ(KNC)စသည့် ၄ ပါတီ ပူးပေါင်းဖွဲ့စည်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly