အမျိုးသမီးတွေမှာ အခွင့်အရေး ရှိနေတယ်၊ ဆုပ်ကိုင်နိုင်ဖို့ပဲ လိုတယ်

အမျိုးသမီးတွေမှာ အခွင့်အရေး ရှိနေတယ်၊ ဆုပ်ကိုင်နိုင်ဖို့ပဲ လိုတယ်

အမျိုးသမီးတွေ အခွင့်အရေးကို ဆုပ်ကိုင်သင့်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောလိုက်ပါတယ်

ရန်ကုန် (Myanmar Now) အမျိုးသမီးတွေ အိမ်မှုကိစ္စမျိုးစုံ တစ်နေကုန် လုပ်ရတာကို ဝင်ငွေရလုပ်အားအဖြစ် ထည့်တွက်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းဝေက ပြောပါတယ်။ 

မကြာသေးမီ ရက်ပိုင်းအတွင်းက တွေ့ဆုံမေးမြန်းရာမှာ အိမ်တွင်းအလှဆင်လုပ်ငန်း လုပ်ကိုင်သူ  ၄၄ နှစ်အရွယ်  ဒေါ်နှင်းဝေက အမျိုးသမီးတိုင်းမှာ စွမ်းရည်ရှိပုံ၊  အမျိုးသမီးနဲ့ ဦးဆောင်မှုကဏ္ဍ၊  လုပ်ငန်းရှင် အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အဟန့်အတား၊ ဖွံ့ဖြိုးရေးသင်တန်းအတွက် စဉ်းစားရမယ့်အချက်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုစတဲ့ အကြောင်းအရာမျိုးစုံကို ပြောပြထားပါတယ်။

မေး -  အမျိုးသမီးတွေ စီးပွားရေးလုပ်ဖို့ ဘာတွေက အဟန့်အတား ဖြစ်နေပါသလဲ။

ဖြေ -   အမျိုးသမီးလည်း စီးပွားရေးလုပ်လို့တယ် ဆိုပြီးတော့ ကိုယ့်အနေနဲ့ သိထားဖို့ လိုပါတယ်။ ငယ်ငယ်တည်းက ကျွန်မတို့ကို အမျိုးသမီးဆို လိမ်လိမ်မာမာ နေရမယ်၊ ပညာတတ်ဖို့ မလိုဘူး၊ အိမ်မှုကိစ္စ နိုင်နင်းရမယ်၊ အိမ်ထောင်ပြုပြီးရင် အမျိုးသားကို မှီခိုရမယ် ဆိုပြီးတော့ သင်လိုက်တယ်။ အမျိုးသားတွေကိုတော့ ဦးဆောင်ရမယ်၊ စာတတ်အောင် သင်ရမယ်၊ အလုပ် လုပ်နိုင်အောင် ဝင်ငွေရအောင် ကြိုးစားရမယ်၊ဒါမှမိသားစုကို ဦးဆောင်နိုင်မယ် ဆိုပြီးတော့ သင်လိုက်တယ်။ ဒီလိုပဲနေရမယ်လို့ သတ်မှတ်လိုက်တဲ့ အတွက် ယဉ်ကျေးမှုကြီးက အဟန့်အတား ဖြစ်သွားတာပေါ့။   အမျိုးသမီးတွေက အိမ်မှာပဲနေတာ မဟုတ်ဘူး၊ စီးပွားရေးလည်း လုပ်လို့ရပါတယ်။ ဥပမာ -  ဈေးထဲကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေ ဈေးရောင်းတာများတယ်၊ဈေးရောင်းနေတယ် ဆိုတာကလည်း အမျိုးသမီးတွေအနေနဲ့ ဦးဆောင်ပြီး လုပ်နိုင်တယ်ဆိုတာ သဘောပါပဲ။

မေး -  အိမ်ထောင်သည်အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ ဆက်လက်ရှိနေနိုင်အောင် ဘယ်လိုအထောက်အပံ့ အကူအညီလိုပါသလဲ။

ဖြေ -  အမျိုးသမီးတွေ ဝင်ငွေရ အလုပ်လုပ်တဲ့အခါ ပံ့ပိုးကူညီပေးတဲ့ အစီအစဉ်တွေ အများကြီး လိုတာပေါ့။ ကလေးရှိလို့ အမျိုးသမီးတစ်ယောက်က အလုပ်မလုပ်ရဘူးဆို ကုမ္ပဏီပဲဖြစ်ဖြစ်၊အစိုးရကပဲဖြစ်ဖြစ် ကလေးထိန်းကျောင်းတဲ့နေရာ ဖန်တီးပေးဖို့ လိုပါတယ်။ အမျိုးသမီးအများစုက သူတို့မှာ အခွင့်အရေး မရှိဘူးဆိုပြီး ပြောကြတယ်။ အခွင့်အရေးက ရှိနေတယ်၊ဆုပ်ကိုင်နိုင်ဖို့ အရေးကြီးတယ်။ ဥပမာ -  နယ်တွေမှာဆို ကျောင်းနဲ့အိမ်နဲ့ ဝေးတဲ့အခါ အမျိုးသမီးတစ်ယောက်တည်း မသွားသင့်ဘူးလို့ ပြောလိုက်တာနဲ့ ဒီကျောင်းကို မတက်ဖြစ်တော့ဘူးပေါ့။ အမျိုးသားနဲ့အမျိုးသမီးက ပညာသင်ခွင့် အတူတူရှိတယ်။ ဒါပေမယ့် အဲ့ဒီလို အကြောင်းအရာတွေကြောင့် မဖမ်းဆုပ်နိုင်တော့ဘူး။ အခွင့်အလမ်းက ရှိတယ်။

မေး -    အမျိုးသမီးတွေ စီးပွားရေး လုပ်ကိုင်တဲ့အခါ ထူးထူးခြားခြား ဘယ်လိုအခက်အခဲများ ကြုံတွေ့ရလဲ။

ဖြေ -  ကျွန်မတို့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေအတွက် အဟန့်အတား ဖြစ်တဲ့ဟာတွေ အများကြီး ရှိပါတယ်။  ကျွန်မကိုယ်တိုင်လည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်တော့ အိမ်ရောက်ရင် အိမ်မှုကိစ္စ လုပ်ရတာပေါ့။ အဓိကတော့ ကိုယ့်အမျိုးသားက ကိုယ့်အပေါ်မှာ နားလည်မှု ရှိဖို့ပါ။ မိန်းမမို့လို့၊ အမျိုးသမီးမို့လို့ စီးပွားရေး လုပ်စရာမလိုဘူးလို့ပြောတဲ့ ခင်ပွန်းသည်မျိုးနဲ့ တွေ့ရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျွန်မအမျိုးသားကတော့ အခုလို ကိုယ်အလုပ်လုပ်နေတာကို ထောက်ခံပြီး နားလည်ပေးတဲ့သူမျိုးဖြစ်တော့ အဆင်ပြေတာပေ့ါ။

မေး - မြန်မာနိုင်ငံအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းရဲ့ သက်တမ်းနှစ် ၂ဝကျော်အတွင်း အသင်းဝင်တွေအတွက် ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ - အသင်းစတည်ထောင်တုန်းက အသင်းဝင်က ၂၅ ဦး။ အခုကျတော့ အသင်းဝင်က ၂,ဝဝဝကျော်ပေါ့။ အရင်တုန်းက နိုင်ငံခြားကိုသွားဖို့အတွက် ခက်ခဲတယ်။ ဒီအသင်း ထူထောင်ပြီးတဲ့အခါကျတော့ အသင်းဝင်အမျိုးသမီးတွေ စီးပွားရေးကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံခြားပွဲတွေ၊ အစည်းအဝေးတွေ၊ သင်တန်းတွေ တက်ရောက်ခဲ့တယ်။ ပြည်တွင်းအနေနဲ့ဆိုရင်လည်း သန်လျင်မြို့နယ် ကရင်ဆိပ်စံပြကျေးရွာကို တိုးတက်အောင် လုပ်ပေးခဲ့တယ်။

အရင်က ဒီရွာကစာသင်ကျောင်း အခက်အခဲရှိတယ်၊ရေရှားပါးတယ်၊ဆေးရုံဆေးခန်း အခက်အခဲရှိတယ်။ အခု ၁ဝ နှစ်ကျော် ကာလအတွင်းမှာ ကလေးတွေလည်း ၁,ဝဝဝကျော်လောက်   ကျောင်းထားပေး နိုင်ခဲ့တယ်။   ရွာကကလေးတွေကို ကျောင်းထားပေးပြီးတော့ သူတို့ ဘွဲ့ရတဲ့အချိန်ကျတော့ ကျွန်မတို့အသင်းမှာပဲ အလုပ်ပြန်ပေးပါတယ်။

ဒီရွာကို ချေးငွေထုတ်ပေးတယ်။ ကျေးလက်ဒေသ ဆင်းရဲတဲ့အမျိုးသမီးတွေ မူလတန်းပညာ ပြီးဆုံးတဲ့အထိ ကျောင်းတက်နိုင်အောင် ထောက်ပံ့ပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။ အဲ့ဒါကတော့ ၂ဝဝ၅ ခုနှစ်က စခဲ့တယ်။

မေး - ဘယ်မြို့နယ်က အမျိုးသမီးလေးတွေကို ထောက်ပံ့ပေးတာလဲ။

ဖြေ - ရန်ကုန်ဆို လှိုင်သာယာ၊သန်လျင်၊ခရမ်း၊ သုံးခွ။ ဧရာဝတီတိုင်းဆို ကျိုက်လတ်။ တောင်ကြီး၊အင်းလေး။ ပဲခူးတိုင်းထဲမှာဆို ပြည်။ကရင်ပြည်နယ်မှာဆို ဘားအံ၊ မြဝတီနယ်စပ်တွေက အမျိုးသမီးတွေကို မူလတန်းပညာ ပြီးဆုံးတဲ့အထိ ထောက်ပံ့ပေးနေပါတယ်။ ကျောင်းပေါင်းကတော့ ၃၇ ကျောင်းပါ။

မေး -  အသင်းရဲ့ အသုံးစရိတ် ဘယ်က ရသလဲ။

ဖြေ -  အသင်းရန်ပုံငွေနဲ့ပဲ လည်ပတ်ပါတယ်။ ဘယ်အဖွဲ့ဆီကမှ အထောက်အပံ့ မယူပါဘူး။ အမျိုးသမီးတစ်ယောက်က အသင်းဝင်မယ်ဆိုရင် တစ်သိန်းတစ်သောင်း ပေးရပါတယ်။ အသင်းဝင်ကြေးက တစ်သောင်း၊ ရန်ပုံငွေက တစ်သိန်းပေး ရပါတယ်။ အသင်းဝင်အားလုံးက လုပ်အားပေး သူတွေပါ။ ဘယ်ခရီးပဲသွားသွား အသင်းက ထုတ်ပေးတာ မရှိပါဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် သွားရတာပါ။

မေး - အမျိုးသမီးအဖွဲ့ အများစုက သူတို့လုပ်နိုင်တဲ့ လက်မှုပညာတွေ လုပ်ကြပေမယ့် ဈေးကွက်ပိုင်းဆိုင်ရာ အားနည်းတာ ဘာကြောင့်လို့ ထင်လဲ။

ဖြေ - လိုအပ်နေတဲ့ဟာကို ထုတ်လုပ်တယ် ဆိုရင်တော့ ဈေးကွက်က အဲ့ဒီလောက်  ရှာစရာ မလိုပါဘူး။ ဥပမာ.. ဖယောင်းတိုင်လုပ်တဲ့ သင်တန်းပေးတယ်ဆိုရင် အဲ့ဒီနယ်က ထွက်တဲ့ ဖယောင်းတိုင်ကို ဘယ်နေရာမှာ သုံးမလဲဆိုတဲ့ ဈေးကွက်ကို အရင်လေ့လာဖို့ လိုတယ်။ အမျိုးသမီးတိုးတက်ရေးဆိုပြီး အင်္ကျီချုပ်သင်တန်း ပေးလိုက်တယ်၊ဒါပေမယ့်ရွာမှာက အင်္ကျီချုပ်တဲ့သူက ၁ဝယောက်၊ချုပ်ဝတ်မယ့်သူက သိပ်မရှိဘူးဆိုရင် ဒီသင်တန်းက သင်လိုက်ပေမယ့် အကျိုးမရှိဘူးပေါ့။ သင်တန်းမပေးခင်မှာ ဈေးကွက်က ဘာတွေ လိုအပ်နေလဲ၊ သင်တန်းပေးမယ့် နေရာလိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ အရင်ဆန်းစစ်ဖို့ လိုပါတယ်။ ပေါင်မုန့်ဖုတ်သင်တန်း ပေးလိုက်တယ် ဆိုပါစို့၊ နယ်မှာက ပေါင်မုန့်မစားဘူးလေ။အဲ့ဒီလိုမျိုးတော့ မဖြစ်အောင် ဆင်ခြင်ရမှာပေါ့။ အခုဆို ဆပ်ပြာထုတ်နေတာတွေ တွေ့တယ်။ ဆပ်ပြာကို ဘယ်လောက်ထိ သုံးနေကြလဲ၊ အရည်အသွေးကို ဘယ်လောက်ထိ လုပ်ထားလဲ၊ အဲဒီလိုဟာမျိုးတွေကလည်း အများကြီးလုပ်ဖို့ လိုပါတယ်။ အနီးစပ်ဆုံး ယိုးဒယားကို ကြည့်မယ်ဆိုရင် တစ်ရွာမှာ ထုတ်ကုန်တစ်ခု လုပ်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး အစိုးရကလည်း ထောက်ပံ့ပေးတယ်၊ ဈေးကွက်ရအောင်လည်း စီစဉ်ပေးတယ်၊ အရည်အသွေးမီရင် ဈေးကွက်တင်လို့ရအောင် လုပ်ပေးထားတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့။ ဈေးကွက်မရဘူး၊ ဈေးကွက်မရဘူး အော်တာထက် ဈေးကွက်က လိုအပ်တဲ့ဟာ ဘယ်လိုတီထွင်ပြီး ထုတ်လုပ်မလဲဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။

မေး - အစိုးရက ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ဘယ်လိုကူညီ သင့်သလဲ။

ဖြေ - စီးပွားရေးလုပ်ချင်တဲ့ အမျိုးသမီးတွေအနေနဲ့ အခက်အခဲ၊အတားအဆီးကတော့ အမျိုးမျိုး ရှိနိုင်တယ်။ တချို့လည်း ငွေရေးကြေးရေး၊တချို့လည်း ဈေးကွက်အခက်အခဲပေါ့။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် အဓိကလုပ်ရမှာက မှတ်ပုံတင်ရမှာပဲ။ လွယ်လွယ်ကူကူ မှတ်ပုံတင်လို့ရအောင် လုပ်ပေးဖို့ လိုပါတယ်။ ဈေးကွက်တို့ ငွေရေးကြေးရေးတို့က နောက်တစ်ဆင့်ပါ။ ငွေရေးကြေးရေးလိုလို့ ဘဏ်မှာငွေချေးမယ် ဆိုရင်လည်း လုပ်ငန်းလိုင်စင်ရှိမှ ချေးလို့ရမှာ။

မေး - အစိုးရသစ် တက်ပြီးနောက်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှုအပေါ်မှာရော အားရကျေနပ်မှု ရှိလား။

ဖြေ - ကျွန်မက အာဆီယံပွဲတွေ သွားတက်တယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာဖို့အတွက် မှတ်ပုံတင် လုပ်ငန်း၊ လိုင်စင်လုပ်ငန်း လုပ်တာတွေမှာဆိုရင် မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အချိန်အကြာဆုံးဆိုတာကို တွေ့ရတယ်။ ဒီအချက်ကလည်း လာရောက်ရင်းနှီး မြှုပ်နှံသူတွေ စဉ်းစားကြမယ့် အခြေအနေလို့ ထင်ပါတယ်။ နိုင်ငံခြာ ရင်းနှီးမြှုပ်နှံမှုက သိပ်ပြီးတော့ အားကောင်းတဲ့ အခြေအနေမျိုး မဟုတ်သေးဘူး။

မေး - နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပြု ချင်ပါသလဲ။

ဖြေ - ဥပမာ - ကားတွေ သွင်းနေမယ်အစား ပြည်တွင်းမှာပဲ ကားထုတ်လုပ်ရင်ရော၊ အဲ့ဒီလို စဉ်းစားဖို့ လိုပါတယ်၊သွင်းကုန်ရဲ့တန်ဖိုးကိုလည်း လျှော့ချလို့ ရတာပေါ့။ ပြည်တွင်းမှာ ထုတ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံလည်း အလုပ်အကိုင် အခွင့်အလမ်း ပိုရမယ်။ အစိုးရအနေနဲ့ ပြည်တွင်းထုတ်လုပ်မှုကို အားပေးသင့်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူက ကိုယ့်နိုင်ငံမှာလာပြီး ထုတ်လုပ်ရင် ကိုယ့်ဆီက နည်းပညာရမယ်၊အသိအမြင် ရမယ်။

မေး - အစိုးရသစ်လက်ထက် ခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရလာတာကို အားရရဲ့လား။

ဖြေ - အမျိုးသမီးတွေကို ခေါင်းဆောင်ပိုင်းမှာ နေရာပေးလာတာကို အားရကျေနပ်တယ် ဆိုတာထက် လုပ်ကို လုပ်ရဦးမှာပေါ့။ စီးပွားရေးပိုင်းမှာတော့ အမျိုးသမီးတွေက တစ်နိုင်တစ်ပိုင်တော့ လုပ်နေကြတာပါပဲ။ နိုင်ငံအုပ်ချုပ်မှုပိုင်း၊ ခေါင်းဆောင်မှုအပိုင်းတွေမှာ အမျိုးသမီးကဏ္ဍတွေကို ပိုပြီးတော့ စဉ်းစားဖို့ လိုပါတယ်။ အမျိုးသမီးလုပ်အားကို ထည့်မတွက်ထားတာတွေ အများကြီးရှိတယ်။ အမျိုးသမီးတွေက အိမ်မှုကိစ္စတွေ တစ်နေကုန် လုပ်ရတယ်။ အဲ့ဒါကိုတော့ ဝင်ငွေရ လုပ်အားဆိုပြီးတော့ ထည့်မတွက်ထားဘူး။ နေရာတိုင်း ကဏ္ဍတိုင်းမှာ ကျား/မ တန်းတူဆိုတာ အတူတူ ပါလာမယ်ဆိုရင် နိုင်ငံကလည်း ဒီထက်ပိုပြီးတော့ လုပ်အားရမှာပေါ့။ အမျိုးသမီးကဏ္ဍ ဒီထက်ပိုအားကောင်းလာရင် နိုင်ငံရဲ့ အရင်းအမြစ်အင်အားလည်း ပိုပြီးကောင်းလာမယ်လို့ မြင်ပါတယ်။ အမျိုးသမီးတိုင်းမှာ အရည်အချင်း၊ စွမ်းရည်ရှိတယ်ဆိုတာကို နားလည်အောင် အသိပညာပေးဖို့ လိုပါတယ်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required