ထိုင်းအစိုးရရှေ့နေများက လူပေါင်း ၁၀၀ကျော်ကို လူမှောင်ခို ကုန်ကူးမှုဖြင့် တရားစွဲထား

ထိုင်းအစိုးရရှေ့နေများက လူပေါင်း ၁၀၀ကျော်ကို လူမှောင်ခို ကုန်ကူးမှုဖြင့် တရားစွဲထား

ဘန်ကောက်၊ ဇူလိုင်-၂၄ ။      ။ ယခုနှစ်အစောပိုင်းက နိုင်ငံတောင်ပိုင်းတွင် ဒါဇင်ပေါင်းများစွာသော ရုပ်အလောင်းများ ကိုတွေ့ရှိ ပြီးနောက် လူသိရှင်ကြားဖြစ်လာသော နိုင်ငံစုံပါဝင်ပတ်သက်နေသည့် လူမှောင်ခိုကုန်ကူးမှု အရှုပ်တော်ပုံတွင် ထိုင်းစစ်တပ် ဗိုလ်ချုပ်တစ်ဦးအပါအဝင် လူပေါင်း ၁၀၀ကျော်ကို ထိုင်းအစိုးရရှေ့နေများက တရားစွဲဆိုထားသည် ဟုပြောရေးဆို ခွင့်ရှိသူတစ်ဦး က ဇူလိုင်လ ၂၄ရက်နေ့ တွင်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသား ၉၁ယောက်၊ မြန်မာနိုင်ငံသား ၉ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ယောက်တို့မှာ လူမှောင်ခိုကုန်ကူးမှု ၊နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကွန်ရက်တွင် ပါဝင်ပတ်သက်နေမှုနှင့် နိုင်ငံခြားသားများကို ဘုရင့်နိုင်ငံအတွင်းသို့ တရားမ ဝင်ခေါ်ဆောင်လာမှုအပါအဝင် စွဲချက် ၁၆ချက်ကို ရင်ဆိုင်နေရသည်ဟု ရှေ့နေချုပ်ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ချိုင်း ရူဂျနာဗွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

‘စုံစမ်းစစ်ဆေးမှုတွေအရ ဒါဟာ ကြီးမားတဲ့ ဂိုဏ်းဖွဲ့ကျူးလွန်မှုဆိုတာကို ပြနေပါတယ်။ နိုင်ငံခြားကနေရွှေ့ပြောင်း အခြေချတွေ ကို နိုင်ငံအတွင်းကို စနစ်တကျခေါ်ဆောင်လာတဲ့ ကွန်ရက်တွေအများကြီး ရှိနေပါတယ်။ အပျက်အစီးတွေအများကြီးရှိခဲ့သလို ရုပ်အလောင်းတွေလည်း အများကြီးတွေ့ခဲ့ရပါတယ်။ အကြီးတန်းအရာရှိတွေရော၊ သြဇာတိက္ကမကြီးမားသူတွေကိုပါ တရားစွဲ ထားပါတယ်။ ဒါ့ကြောင့် ရှေ့နေချုပ်ရုံးက အလွန်အရေးကြီးတဲ့အမှုတစ်ခုအဖြစ် အလေးအနက်ထားပြီး ကိုင်တွယ်နေပါတယ်’ဟု ၎င်းက ပြောကြားခဲ့သည်။  

ပြည်နယ်အစိုးရရှေ့နေများကလည်း ဖမ်းဆီးထားသည့် တရားခံ ၇၂ယောက်ကို တရားစွဲဆိုထားပြီး၊ လွတ်မြောက်နေသေး သည့်နောက်ထပ် တရားခံ၃၂ယောက်ကိုလည်း တရားစွဲဆိုရန် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့်မေလက ထိုင်း-မလေးရှား နယ်စပ်အနီး စွန့်ပစ်ထားခဲ့သည့် သစ်တောစခန်းများမှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှရွှေ့ပြောင်း အခြေချများဟု ယူဆရသည့် ရုပ်အလောင်း ၃၆ခုကို တူးဖော်တွေ့ရှိပြီးနောက် ထိုင်းအစိုးရအရာရှိ ၁၅ဦး ပါဝင်ပတ်သက်နေသည့် ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုများ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

နေရာအနှံ့အပြားတွင် ရုပ်အလောင်းများ တူးဖော်တွေ့ရှိမှုက လူမှောင်ခိုကုန်ကူးသူများကို ဖြိုခွင်းရန် ထိုင်းနိုင်ငံအပေါ် ဖိအားပြင်း ထန်လာစေခဲ့သည်။ တစ်လအတွင်း လူပေါင်း ၅၀ကျော်ကို ဖမ်းဆီးခဲ့ရာတွင် ပြည်တွင်းနိုင်ငံရေးသမားများ၊ အစိုးရအရာရှိများ၊ ရဲနှင့် တစ်ခါက နိုင်ငံတောင်ပိုင်းတွင် လူကုန်ကူးမှုပြဿနာများကို ကိုင်တွယ်ခဲ့ရသည့် အကြီးတန်းစစ်တပ်အရာရှိတစ်ဦးတို့ ပါဝင်နေ သည်။

တောင်ပိုင်းပြည်နယ်များမှ ရဲအရာရှိ ၅၀ကျော်ကိုလည်း ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားကာ လူမှောင်ခိုဂိုဏ်းများနှင့် ပါဝင် ပတ်သက်နေနိုင်သည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး မနက်စ် ခုန်ဖန်၊ ရဲအရာရှိ ၄ဦး၊ သြဇာရှိ ပြည်နယ်မြို့တော်ဝန်နှင့် ပြည်တွင်းနိုင်ငံရေးသမားများအပါအဝင် အစိုးရအရာရှိ ၁၅ဦးကိုလည်း တာဝန်ပျက်ကွက်မှုဖြင့် တရားစွဲဆိုထားသည်ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

လူ့အခွင့်အရေးအုပ်စုများက ကာလကြာမြင့်စွာကတည်းက လူမှောင်ခိုကုန်ကူးမှုလုပ်ငန်းများတွင် ထိုင်းအာဏာပိုင်များ ပါဝင်ပတ်သက်နေသည်ဟု ပြောကြားလာနေခဲ့သော်လည်း ထိုင်းအာဏာပိုင်များက ထုံးစံအတိုင်း ငြင်းကွယ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly