အပစ်ရပ်လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၂၁ ပင်လုံတွင် အထူးဖိတ်ကြားသူများအဖြစ် ဖိတ်ကြားမည်ဟုဆို

အပစ်ရပ်လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၂၁ ပင်လုံတွင် အထူးဖိတ်ကြားသူများအဖြစ် ဖိတ်ကြားမည်ဟုဆို
ပည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဖေဖော်ဝါရီ ၆ရက်၊ နံနက် ၁၀နာရီကစပြီး ကျင်းပခဲ့စဉ်။ ဓာတ်ပုံ-မင်းမင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် ။             ။ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အထူးဖိတ်ကြား သူများအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးနိုင်ငံလင်းက ပြောကြားလိုက်သည်။

"NCA လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အထူးဖိတ်ကြားတဲ့ ဧည့်သည်တွေအနေနဲ့ ဖိတ်သွားမယ်လို့ သိရပါတယ်" ဟု ဦးနိုင်ငံလင်းက ဆိုသည်။

ထိုသို့ အထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားရန် ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၆ ရက်က နေပြည် တော်သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၏ (၉)ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးခြင်းမရှိသေး သည့် တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင် စီ(UNFC)အဖွဲ့ဝင်များထဲမှ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်များကို အထူးဖိတ်ကြားသူအဖြစ် သတ်မှတ်ဖိတ်ကြားမည်ကို လာမည့်ရက်သတ္တပတ်နှစ်ပတ်အကြာတွင် ကျင်းပမည့် UPDJC အစည်းအဝေးတွင် ဆက်လက်ဆုံးဖြတ်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

၂၁ ရာစုပင်လုံံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးသို့ လေ့လာသူပုံစံမျိုးဖြင့် တက်ရောက်ရန် ဖိတ်ကြားလာပါက တက်ရောက်ခြင်းပြုမည် မဟုတ်ကြောင်းကိုလည်း ဇန်နဝါရီ လ ၂၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် UNFC အရေးပေါ်အစည်းအဝေးအပြီးတွင် UNFC ဒုဥက္ကဌ နိုင်ဟံသာက မီဒီယာများသို့ ပြောဆိုထားသည်။

NCA စာချုပ်ပါ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ ကိုယ်စားလှယ် အဖြစ်တက်ရောက်သူမှအပ အခြားသူများသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးများတွင် ပါဝင်ဆွေးနွေးခွင့်ရှိမည် မဟုတ်ပေ။

ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်းမှုန်းဆာခေါင်းက "ပြီးခဲ့တဲ့ပထမ အကြိမ်အစည်းအဝေးက ဖိတ်ကြားထားတဲ့အဖွဲ့တွေကို ဖိတ်ကြားသွားဖို့ရှိပါတယ်။   မြောက်ပိုင်းအဖွဲ့တွေတော့ မပါလောက်ဘူး" ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်လက်ထက်က ကျင်းပသည့် ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့သာ ပါဝင်ဆွေးနွေးခွင့်ရခဲ့သည်။

အစိုးရသစ်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အပြင် မွန်ပြည်သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ကရင်နီပြည်သူ့ပါတီ၊ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်စသည့်အဖွဲ့များ တက်ရောက်ခဲ့သည်။ အဆိုပါ အဖွဲ့များသည် စာတမ်းများ တင်သွင်းဖတ်ကြားခွင့်ရ ခဲ့ကြသည်။

အစိုးရက အသိအမှတ်ပြုထားသည့် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက် နက်ကိုင်မှာ(၇)ဖွဲ့ဖြစ်ပြီး UNFC က သတ်မှတ်တောင်းဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွ့ဲမှာ (၁၃)ဖွဲ့ဖြစ်သည်။ ထိုထဲတွင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်သည့် ရခိုင့်တပ်မတော်(AA)၊ ပလောင်လွတ်မြောက်ရေး တပ်မတော်(TNLA)၊မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့လည်း အပါအဝင်ဖြစ်သည်။

၂၁ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ရက်မှ မတ်လ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly