အမျိုးသမီးများမြို့ထဲသို့ထွက်လျှင် ယာဉ်အန္တရာယ်စိန်ခေါ်မှုထက် လူလူချင်းကြံုတွေ့ရတဲ့ စိန်ခေါ်မှုက ပိုများနေဟုဆို

အမျိုးသမီးများမြို့ထဲသို့ထွက်လျှင် ယာဉ်အန္တရာယ်စိန်ခေါ်မှုထက် လူလူချင်းကြံုတွေ့ရတဲ့ စိန်ခေါ်မှုက ပိုများနေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။              ။ အမျိုးသမီးများမြို့ထဲသို့ထွက်လျှင် ယာဉ်အန္တရာယ်စိန်ခေါ်မှုထက် လူလူချင်းကြုံတွေ့ရတဲ့ စိန်ခေါ်မှုက ပိုများသည်ဟု မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုး ကပြောသည်။

၎င်းက ဖေဖော်ဝါရီ ၇ရက်က မဇ္ဈိမမီဒီယာ နှင့် Action Aid Myanmar တို့ ပူးပေါင်းကျင်းပသည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေး ဆွေးနွေးပွဲအပြီး အမျိုးသမီးများကြုံတွေ့ရသည့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများနှင့် ပတ်သက်ပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“လမ်းပေါ်မှာ အန္တရာယ်များစွာရှိတယ်။ အန္တရာယ်ကင်းရှင်းမှုကို စိန်ခေါ်နေတဲ့ အကြောင်းအရာတွေ အများကြီးရှိတယ်။ စိန်ခေါ်တဲ့အကြောင်းအရာတွေထဲမှာ လူအချင်းချင်းက ပြန်ပြီး စိန်ခေါ်တာလည်း ရှိတယ်။ ယာဉ်အန္တရာယ်ကြောင့်လည်း စိန်ခေါ်တာရှိတယ်။ အဲဒီအထဲမှာမှ လူအချင်းချင်းကြောင့်ဖြစ်တဲ့ စိန်ခေါ်မှုကတော့ ပိုပြီးတော့ အမျိုးသမီးတွေရဲ့ အန္တရာယ်ကင်းရှင်းမှုကို ထိခိုက်စေပါတယ်” ဟု ဒေါ်ခင်မမမျိုးက ပြောသည်။

အမျိုးသမီးများ အနေဖြင့် ကားကျပ်သည့်ပြဿနာအပြင် အခြားပြသနာများလည်း ရှိနေပြီး အထူးသဖြင့် ရုံးတက်ရုံးဆင်းချိန်များတွင် လူလူချင်းကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ပိုမိုတွေ့ကြုံနေရသည်။

“ကားလိုင်းလေးတွေကလေ နည်းနည်းသေးတယ်။ မီနီဘတ်စ်တွေက သေးတဲ့အခါ အရမ်းကြပ်တဲ့အခါကျတော့ နေရာမရတဲ့အခါ အခက်အခဲရှိတယ်။ ဥပမာ ရုံးသမားပဲဖြစ်ဖြစ်၊ ကျောင်းသမားပဲဖြစ်ဖြစ် အခြားအခြေခံ လူတန်းစားပဲဖြစ်ဖြစ် ကားအရမ်းကြပ်တဲ့အခါကျတော့ အဆင်မပြေဘူး။ အခွင့်အရေးယူချင်တဲ့ သူတွေအတွက်က ပိုအဆင်ပြေတယ်။ အဲဒီလိုမျိုးဖြစ်နေတယ်။ အဲဒီလိုမျိုးကြုံတွေ့ရတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ကြားထဲ ပြောဖို့ဆိုဖို့ကလည်း ကားပေါ်မှာလေ ရှက်တဲ့အခါကျတော့ မပြောရဲမဆိုရဲ ရှိတယ်” ဟုသာကေတမြို့နယ်မှ မအေးသက်မွန်ကပြောသည်။

ရန်ကုန်ဘတ်စ်ကားစနစ်သစ် အစပိုင်းတွင် ကားကြပ်သည့်ပြဿနာကို ပိုမိုကြုံတွေ့နေရပြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှုးဒေါက်တာမောင်အောင်ကမူ သုံးလေးလအတွင်း ဘတ်စ်ကားစနစ်သစ် သိသိသာသာ ပြောင်းလဲလာမည်ဟုပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly