ချင်းပြည်နယ်မှာရှိတဲ့ ကျောင်း ၁၀၀ဝန်းကျင်ကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေ

ချင်းပြည်နယ်မှာရှိတဲ့ ကျောင်း ၁၀၀ဝန်းကျင်ကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေ
ချင်းပြည်နယ် တွန်းဇံမြို့ရှိ အစိုးရအထက်ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေကြသည့် ချင်းတိုင်းရင်းသား ကျောင်းသားကျောင်းသူများအားတွေ့ရစဉ်။(ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။            ။ ချင်းပြည်နယ်မှရှိတဲ့ အဆင့်မြှင့်တင်ဖို့လိုအပ်နေတဲ့ ကျောင်း ၁၀၀ဝန်းကျင်ကို အဆင့်မြှင့်တင်ရန် ပညာရေးဝန်ကြီးဌာနကို စာတင်ထားတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ် နဲ့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

ယခုအနေအထားများအရ ကျောင်းတွေကို အဆင့်မြှင့်တင်နိုင်မယ်ဆိုရင် ကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမအင်အားနဲ့ ကျောင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို တိုးမြှင့်ပေးနိုင်ပြီး ပညာရေးကဏ္ဍမှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မယ်လို ဝန်ကြီးက ပြောပါတယ်။

“ဥပမာအားဖြင့် မူလွန်အဆင့်ပဲရှိတဲ့ကျောင်းဆိုရင် အလယ်တန်းကျောင်းခွဲအဆင့်ကို တိုးရမယ်ပေါ့နော်။ တိုးလိုက်ခြင်းအားဖြင့် ဆရာအရေအတွက်လည်းတိုးလာမယ်။ သင်မယ့်ဆရာ၊ ဆရာမတွေရော ကျောင်းအဆောက်အဦးတွေရော တိုးမြှင့်ရရှိလာမယ်။ အလယ်တန်းကျောင်းခွဲကနေ အလယ်တန်းအဆင့်ကို တိုးမြှင့်ပေးခြင်းအားဖြင့် သင်ကြားရေးမှာရော၊ ဆရာ/မတွေရော၊ ကျောင်းအဆောက်အဦးတွေက အစ စုံစုံလင်လင်ရှိလာမယ်”လို့ ပြောပါတယ်။

၎င်းက ဆက်လက်၍ “တိုးမြှင့်ပေးရင်တော့ ကိုယ့်ရွာနဲ့ကိုယ်ကျောင်း ကောင်းကောင်းတက်လို့ရပြီ။ ချင်းတောင်လိုမျိုး အဝေးကြီး သွားတက်စရာမလိုတော့ဘူး။ သူများရွာမှာ ၈တန်းလောက်ထိသွားတက်ရတဲ့ ကလေးတွေက ကိုယ့်ရွာမှာ ၈တန်းထိဖွင့်ပြီဆိုတော့ ကိုယ့်ရွာနဲ့ကိုယ်တက်လို့ရပြီပေါ့။ ပညာရေးက ပိုအားကောင်းလာမှာပေါ့နော်” လို့ ဆက်ပြောပါတယ်။

ကျောင်းအဆင့်မြှင့်တင်မှုကို ၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်လျှင် ကျောင်းဆောင်အသစ်တွေတိုးချဲ့မှုကို အစိုးရထံတင်ပြပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၂၀၁၇-၁၈ ပညာသင်နှစ်မှာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းမှ အဆင်မြှင့်တင်ဖို့ လိုအပ်ကြောင်း ဝန်ကြီးဌာနသို့ တင်ပြထားသည့် ကျောင်းပေါင်း ၁၁ကျောင်းရှိပြီး အထက (ခွဲ)မှ အထက တစ်ကျောင်း၊ အလက (ခွဲ)မှ အလက သုံးကျောင်း၊ အမက မှ မူလွန် သုံးကျောင်း၊ အမက (ခွဲ)မှ အမက လေးကျောင်းရှိပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာမူ အလက မှ အထက (ခွဲ) နှစ်ကျောင်း၊ အလက (ခွဲ) မှ အလက ၁၂ကျောင်း၊ မူလွန် မှ အလက (ခွဲ) ငါးကျောင်း၊ အမက မှ မူလွန် ငါးကျောင်း နှင့် အမက (ခွဲ)မှ အမက ၁၆ကျောင်းရှိတယ်လို့ ချင်းဝန်ကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly