မန္တလေး စည်ပင်၏ အငှားအိမ်ရာနေထိုင်သူများ အိမ်ငှားခရက်လွန်ကြေး ရရက်လွန်မှသာ ကောက်ရန် တောင်းဆို

မန္တလေး စည်ပင်၏ အငှားအိမ်ရာနေထိုင်သူများ အိမ်ငှားခရက်လွန်ကြေး ရရက်လွန်မှသာ ကောက်ရန် တောင်းဆို

မန္တလေး၊ ဖေဖော်ဝါရီ ၇ ။                ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်းတွင် စည်ပင်သာယာရေးကော်မတီမှ တည်ဆောက်ထားသည့် အငှားအိမ်ရာတွင် အခန်းငှားခများပေးသွင်းရာတွင် တစ်ရက်လွန်လျှင် ဒဏ်ငွေနှစ်ထောင်ကျပ် ပေးဆောင်နေရခြင်းကြောင့် နေထိုင်သူအများစု အခက်အခဲဖြစ်နေကြောင်း အငှားအိမ်ရာတွင် နေထိုင်သူများက မဇ္ဈိမကိုပြောသည်။

အငှားနေထိုင်သူများအနေဖြင့် တစ်လတစ်ကြိမ်ပေးသွင်းရသည့် အခန်းငှားခများကို ၇ ရက်၊ ရက်လွန်ခွင့်ပြုရန်လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ စုပေါင်းတောင်းဆိုထားသည် ဟုလည်း  အငှားအိမ်ရာတွင်နေထိုင်များကဆိုသည်။

အဆိုပါအငှားအိမ်ရာတွင်နေထိုင်သူများသည် ကမ်းနားလမ်းတွင် ကျူးကျော်နေထိုင်ခဲ့သူများဖြစ်ပြီး သာမန်ကျဘန်းအလုပ်သမားအများစုဖြစ်နေခြင်းကြောင့် အခန်းငှားရမ်းခ၊ ရက်လွန်ကြေးပေးဆောင်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟုလည်းဆိုသည်။

ထိုသို့ပေးဆောင်ရန်ခက်ခဲနေသည့် အငှားအိမ်ရာတိုက်ခန်းအမည်မှာ နှင်းဆီးအိမ်ရာဖြစ်ပြီး အခန်းပေါင်း ၁၀၀၀ကျော်ရှိသည်ဟုလည်းသိရသည်။

အဆိုပါ နှင်းဆီအိမ်ရာတွင်နေထိုင်သူ မအေးသွယ်က"တိုက်ခန်းခပေးသွင်းဖို့ တစ်ရက်လွန်တာနဲ့ နှစ်ထောင်ပေးရတယ်။ရေဖိုး၊ မီးဖိုးလည်းဆောင်ရတယ်။ အဲလိုဆောင်ရတဲ့လစုံနေပြီ ဆိုပိုဆိုးတယ်။ ဒါကြောင့် ရက်လွန်ခွင့်လေး ခွင့်ပြုပေးစေချင်ပါတယ်။ ခုနှစ်ရက်လောက်ပေါ့။ ရက်ပိုလေးရတော့ ငွေသွင်းဖို့အဆင်ပြေတာပေါ့။"ဟုပြောသည်။

အဆိုပါအိမ်ရာတွင်နေထိုင်သူ အသက်၆၂ နှစ်အရွယ် အဘွားတစ်ဦးကလည်း "တစ်ရက်လွန် နှစ်ထောင်၊ သုံးရက်လွန်ရင် ၆၀၀၀ ဘယ်လိုလုပ် အမေတို့ပေးနိုင်မလဲ။ အမေတို့စားဖို့လည်းလုပ်ရတယ်။ အခုနေဖို့အတွက်ပါ ပိုအောင်စုနေရတယ်။ဘယ်နှစ်ရက်ထိ ရက်လွန်ခွင့်ပေးဆိုတာကို သတ်မှတ်ပေးစေချင်တယ်။"ဟုပြောသည်။

အဆိုပါအိမ်ရာတွင် နေထိုင်သူတစ်ချို့ကလည်း ရေမီတာခနှင့်မီးတာခများပေးဆောင်ရန်သည့်လများနှင့်ဆုံပါက ရက်လွန်ခွင်ပြုရန်လည်း လိုလားလျက်ရှိသည်။

"အခန်းခက သုံးသောင်း၊ မီးကြေး၊ ရေကြေးပါ ဆောင်ရတဲ့လမျိုးနဲ့ ဆုံလိုက်ရက် ခြောက်သောင်းကျော်၊ ခုနှစ်သောင်းကျော်အထိ ဆောင်ရတာဆိုတော့ အခက်အခဲဖြစ်တယ်။ ရက်လွန်ခွင့်ရရင် အဆင်ပြေမယ်ထင်ပါတယ်။"ဟု မတင်တင်အေးကပြောသည်။

တစ်ရက်လွန် နှစ်ထောင်ကျပ် ဒဏ်ကြေးယူဆောင်ခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက "ရက်လွန်ကြေးက စည်ပင်၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ သတ်မှတ်ထားတာဆိုတော့ ပြင်ဆင်ပေးဖို့ခက်ပါတယ်။"ဟုပြောသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ရေမီတာကြေး၊ မီးမီတာကြေးဆုံသည့်လများတွင် ရက်လွန်ခွင့်ရရှိရန် ညှိနှိုင်းပေးမည်ဟု ဖေဖော်ဝါရီလ ၆ ရက်၊ မွန်းလွဲပိုင်းက အခန်းဌားနေထိုင်သူများနှင့်   တွေ့ဆုံစဉ် ကတိပေးပြောကြားထားသည်ဟုလည်း တွေ့ဆုံခွင့်ရရှိခဲ့သည့် အခန်းဌားနေထိုင်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly