၀က်သက်ရောဂါအဖြစ်များနေ၍ ရန်ကုန်ရှိ မြို့နယ်ငါးခုတွင် ကာကွယ်ဆေးထိုးပေးနေ

၀က်သက်ရောဂါအဖြစ်များနေ၍ ရန်ကုန်ရှိ မြို့နယ်ငါးခုတွင် ကာကွယ်ဆေးထိုးပေးနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးခုရှိ ကလေးများတွင် ကပ်ရောဂါအသွင် ဝက်သက်ရောဂါဖြစ်ပွားနေသောကြောင့် ယနေ့(ဖေဖော်ဝါရီ ၆ ရက်)မှ စတင်ပြီး ဝက်သက် ကာကွယ်ဆေးများ ထိုးပေးနေသည်ဟု သာကေတမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းထွန်းက မဇ္ဈိမကို ပြောသည်။

အသက်(၁၅)နှစ်အောက် ကလေးများကို ထိုးနှံပေးနေခြင်းဖြစ်ပြီး လှိုင်သာယာ၊ တွံတေး၊ အင်းစိန်၊ ကြည့်မြင်တိုင်နှင့် သာကေတမြို့နယ်တို့တွင် ကြားဖြတ်အစီအစဉ်အနေဖြင့် ဝက်သက်ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်အလိုက် ထိုးပေးနေခြင်းဖြစ်သည်။ မြို့နယ်တိုင်းတွင် ဝက်သက်ရောဂါကာကွယ်ဆေးထိုးသည့်အစီအစဉ်များရှိပြီး လက်ရှိ သာကေတမြို့နယ်တွင် ဝက်သက်ရောဂါခံစားနေရသည့် ကလေး ၁၃ ဦး ရှိသည်။

 “အဓိကကတော့ ကူးစက်မှုဖြစ်ပွားတဲ့ကလေးတွေမှာ ဝက်သက်နဲ့ပတ်သက်တဲ့ ကိုယ်ခံအားမရှိတာပေါ့။ နောက်တစ်ခြားနေရာကနေ ရောဂါကူးစက်ခံရတာပေါ့။ အဓိကအနေနဲ့ ဖျားမယ်။ ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်မယ်။ နောက်တစ်ခါ မျက်စိတွေရဲမယ်။ နှာရည်ယိုတာ၊ ချောင်းဆိုးတာ၊ အဲဒါတွေက အဓိကလက္ခဏာတွေပေါ့” ဟု သာကေတမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းထွန်းက ပြောသည်။

ယင်းမြို့နယ်ငါးခုမှ ကလေးများကို ယခင် ဝက်သက်ရောဂါကာကွယ်ဆေးထိုးဖူးသည်ဖြစ်ေ၊  မထိုးဖူးသည်ဖြစ်စေ သက်ဆိုင်ရာဆေးထိုးစုရပ်များကို သွားထိုးရန် နှိုးဆော်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် အကြောင်းကြားပြီး ထိုးပေးနေခြင်းဖြစ်သည်။

 “ကာကွယ်ဆေးတွေ အကုန်ထိုးတယ်။ အခု အန်တီ့သားက ၁၃ နှစ်၊ ၇တန်းပေါ့။ အခုလည်း ထပ်ထိုးရမယ်ဆိုလို့ ထပ်ထိုးတာပါ” ဟု သာကေတမြို့နယ်တွင်နေသည့် မနွယ်နွယ်မှ ပြောသည်။

အဆိုပါ မြို့နယ်ငါးခုတွင် ယနေ့မှ ဖေဖေါ်ဝါရီ၂၀ရက်နေ့အထိ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စုရပ်အလိုက်ထိုးပေးနေပြီး ဝက်သက်ရောဂါ၏နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်းလည်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly