ရဲဘော်မင်းဌေးရှေ့နေမှ ထပ်မံ ရုံးချိန်းပေးရန် တောင်းဆို

ရဲဘော်မင်းဌေးရှေ့နေမှ ထပ်မံ ရုံးချိန်းပေးရန် တောင်းဆို
Photo - Ko Min Htay (Facebook)

ချင်းမိုင်၊ဖေဖော်ဝါရီလ ၆  ။            ။ အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေး၏ ရှေ့နေက ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး လုပ်ဆောင်စရာများကျန်ရှိနေသေးသဖြင့် ရုံးချိန်း ထပ်မံ တောင်းဆိုလိုက်ကြောင်း သိရသည်။

ယနေ့ ကချင်ပြည်နယ် မိုးမောင်မြို့နယ် တရားရုံးတွင် တရားလိုဘက်မှ သက်သေများကို စစ်ဆေးရန် ဖြစ်သော်လည်း ရဲဘော်မင်းဌေး၏ရှေ့နေမှ အမှုနှင့်ပတ်သက်၍ လုပ်ဆောင်ရန် လိုအပ်နေသေးသဖြင့် လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရုံးချိန်းပေးရန် တောင်းဆိုခဲ့သည်ဟု ရဲဘော်မင်းဌေး၏ ဇနီး ဒေါ်နန်းယဉ် က ပြောသည်။

“ရုံးထုတ်တာက နာရီဝက်လောက်ပါပဲ။ ကျွန်မတို့ဘက်က ရှေ့နေကနေ လိုအပ်တဲ့အချက်အလက်တွေ စုဆောင်းဖို့ လိုသေးတဲ့အတွက်ကြောင့်မလို့ ရုံးချိန်းကို ရွှေ့ပေးဖို့ တောင်းဆိုလိုက်တယ်။ ၁၆ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ ရုံးချိန်းတွင် တရားလို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၂၁မှ ဗိုလ်ကြီး သက်ဆွေလင်း တက်ရောက်ခဲ့သလို၊ ABSDF မှ ရဲဘော်မင်းဌေး၏ အမျိုးသမီးနှင့် ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်သူရ တို့နှစ်ဦး သွားရောက်ခဲ့သည်။

လာမည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တရားလိုသက်သေများကို စတင်စစ်ဆေးမည် ဖြစ်ပြီး ရဲဘော်မင်းဌေးအမှုနှင့်ပတ်သက်၍ ရှေ့နေ မျိုးတင့်အား အကူအညီတောင်းထားပြီး တရားဥပဒေအတိုင်း ဖြေရှင်းသွားရန် စီစဉ်နေသည်ဟု ဒေါ်နန်းယဉ်က ပြောသည်။

“အဖွဲ့အစည်းအနေနဲ့က အားလုံး ဒေါ်စုရော၊ ကာချုပ်ရော ပြောထားတာကတော့ ဥပဒေအတိုင်းပဲ ဝန်ခံဖို့ ပြောထားတာဆိုတော့ ဥပဒေအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် လက်ရှိ အခြေအနေအရတော့ ဥပဒေအကြောင်းအရ ဘာမှငြိစရာအကြောင်း မရှိဘူးလေ။ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ ဒါပေမယ့် အခု တရားစွဲမဲ့အနေအထားမှာ တရားလိုက ဘာတွေ တင်ထားသလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ ကျွန်မတို့နဲ့ ရှေ့နေနဲ့ကြားမှာ သေချာညှိနှိုင်းပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ ရှိတယ်။ ဥပဒေအတိုင်းမှာမှ တရားစွဲလို့ မရတဲ့ ဥစ္စာမျိုုးဖြစ်တယ်ဆိုရင်၊ အမှုဖွင့်လို့ ရတဲ့အနေအထား မဟုတ်ဘူး ဆိုတာမျိုး စီစဉ်သွားဖို့ ရှိပါတယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရဲဘော်မင်းဌေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ရဲဘော်မင်းဌေးသည် ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှ မိုးမောက်မြို့နယ် တရားရုံးသို့ ရောက်ရှိလာရာ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်သည်ဟု သူက ပြောသည်။

သူ့ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံ ဂိတ်မှ ဖမ်းဆီးခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)အကျိုးဆောင်ပေးသည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က မိုးမောက်မြို့နယ် တရားရုံးတွင် စတင် ရုံးထုတ်စစ်ဆေးခဲ့ရာ ယနေ့တွင် ဒုတိယအကြိမ် ရုံးချိန်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly