ကချင်စစ်ရှောင်ဒုက္ခသည်များ နေထိုင်ရေး ပိုမိုခက်ခဲနေလာဟုဆို

ကချင်စစ်ရှောင်ဒုက္ခသည်များ နေထိုင်ရေး ပိုမိုခက်ခဲနေလာဟုဆို
ဓာတ်ပုံဒေါ်လဖိုင်နန်ပရီ

ချင်းမိုင်၊ဖေဖော်ဝါရီလ ၆ ရက် ။           ။ တရုတ်အစိုးရက လက်မခံခဲ့သော ဇိုင်းအောင်ဒုက္ခသည် ၂၀၀၀ ခန့်သည် ယခုအချိန် ရှအိယန်ဒေသတွင် စားနပ်ရိက္ခာများ လိုအပ်နေကာ ရာသီဥတု အေးလွန်းသည့်ဒဏ်ကို ခံနေရသဖြင့် အခက်အခဲ ပိုမိုကြုံတွေ့နေဆဲဖြစ်သည်ဟု ဒုက္ခသည်များနှင့် ယင်းစခန်းသို့ သွားရောက် လှူဒါန်းနေခဲ့သူများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များသည် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း တရုတ်အစိုးရမှ လက်မခံသဖြင့် လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ထိန်းချုပ်နယ်မြေ ရှအိယန်ဒေသတွင် ခိုလှုံနေခြင်း ဖြစ်သည်။

“အခုက အရမ်းခက်ခဲနေတယ်။ စခန်းက တဲတွေအောက်မှာလည်း အခင်းလည်း မရှိဘူး။ မိုးကာနဲ့ အလုံပိတ်နေကြတာ။ ရာသီဥတုက အရမ်းအေးတယ်။ ကျွန်မတောင် သွားအိပ်တာ စောင် ၂၊ ၃ ထည့်ခြုံတာတောင် အေးနေတုန်း။ နှင်းတွေကျတယ်။ အခင်းတွေ ဘာမှ မရှိဘူး။ တချို့အိမ်ထောင်စု ကလေးက ၄၊ ၅ ယောက်ရှိတယ်။ ကျွန်မတို့က စောင်တစ်ထည်စီပဲ ပေးနိုင်တယ်။ မလုံလောက်သေးဘူး”ဟု ယမန်နေ့( ဖေဖော်ဝါရီ ၅ ရက်)က သွားရောက်လှူဒါန်းခဲ့သော Shingninbat (အနုပညာပိုးသဘက်)အဖွဲ့မှ တာဝန်ခံ ဒေါ်လဖိုင်နန်ပရီက ပြောသည်။

အဆိုပါ ဇိုင်းအောင် ဒုက္ခသည်စခန်းရှိ အိမ်ထောင်စု ၄၀၉ စုအတွက် ဆန် ၆၅ အိတ်၊ စောင်နှင့် အနွေးထည်များ သွားရောက် လှူဒါန်းခဲ့သည်ဟု သူက ပြောသည်။

လက်ရှိ ရောက်ရှိနေသော နေရာတွင် မြေကျောက်များသာ ဖြစ်၍ စိုက်ပျိုးစားသောက်၍ မရကြောင်းနှင့် ဒုက္ခသည်စခန်းရှိ ကျောင်းသူကျောင်းသား ၃၀၀ ကျော်သည်လည်း စစ်ဘေးရှောင်နေရသဖြင့် ကျောင်းပြန်လည် မဖွင့်နိုင်သေးကြောင်း ဒေါ်လဖိုင်နန်ပရီက ပြောသည်။

ဒုက္ခသည်စခန်းတွင် သူငယ်တန်းမှ ၈ တန်းထိ ပညာသင်ကြားနေသော ကလေးများလည်း ၂ လခန့်ကြာ ပညာသင်ကြားနိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် မိုးကာတဲဆောက်လုပ်၍ ကျာင်းပြန်လည် သင်ကြားနိုင်ရန် စီစဉ်နေသည်ဟု ရှအိယန် ဒုက္ခသည်စခန်းမှ သိက္ခာတော်ရ ဆရာတူးဆန့်အောင်က ပြောသည်။

“အစားအသောက်က လိုအပ်နေတုန်းပဲ။ နေထိုင်ဖို့က ဝါးနဲ့ မိုးကာတဲတွေ ဆောက်ယူပြီး နေ နေကြတယ်ဆိုတော့ ရာသီဥတုကလည်း အရမ်းအေးတယ်။ အလိုအပ်ဆုံးက နေထိုင်ဖို့၊ အခုက မိုးကာတဲနဲ့ပဲဆိုတော့ မလုံခြုံဘူး။ သုံးထပ်သား၊ ငါးထပ်သားတွေနဲ့ လုံလုံခြုံခြုံ လုပ်ဖို့ လိုတယ်။ အခုက မိုးကာဆိုတော့ မိုးကာကနေ နှင်းတွေ ကျ ကျလာတယ်။ ကျောင်းပြန်တက်နိုင်ဖို့ လုပ်နေပါတယ်”ဟု သူက ပြောသည်။

အဆိုပါ ဇိုင်းအောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ၂၀၀၀ ခန့်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်နှင့် KIAတို့ ဂီဒေါန်နှင့် လိုင်ဖောင် တပ်စခန်းများ အနီးတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း တရုတ်အစိုးရက လက်မခံသဖြင့် လက်ရှိ ရှအိယန် ဒုက္ခသည်စခန်းတွင် ခိုလှုံနေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly