ဂျပန်၏ အထင်ကရမီဒီယာကြီး နစ်ကေး ကမ္ဘာကျော် စီးပွားရေးသတင်းစာ Financial Times ကို ၀ယ်ယူ

ဂျပန်၏ အထင်ကရမီဒီယာကြီး နစ်ကေး ကမ္ဘာကျော် စီးပွားရေးသတင်းစာ Financial Times ကို ၀ယ်ယူ

တိုကျို၊ ဇူလိုင်-၂၄ ။      ။ ဂျပန်နိုင်ငံ၏ တိုင်းသိပြည်သိမီဒီယာကြီးဖြစ်သည့် နစ်ကေး (Nikkei)မီဒီယာအုပ်စုက ပင်မရေစီး အင်္ဂလိပ်ဘာသာ မီဒီယာနယ်ပယ်သို့ ထိုးဖောက်ရန် ဆယ်စုနှစ်ချီကြိုးစားမှု၏ အထွတ်အထိပ်အနေဖြင့် Financial Times သတင်းစာကြီးကို ဗြိတိန်၏ Pearson PLC ကုမ္ပဏီထံမှ ကန်ဒေါ်လာ ၁ဒသမ ၃ဘီလျံဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။

နစ်ကေး၏ ကိုယ်ပိုင်သတင်းစာမှာလည်း ဂျပန်နိုင်ငံတွင် မဖတ်မဖြစ်ဖတ်ရသည့် နာမည်ကျော် စီးပွားရေးသတင်းစာ တစ်စောင် အနေဖြင့် စောင်ရေ ၃သန်းကျော်ဖြင့် ကမ္ဘာ့အရောင်းရဆုံး စီးပွားရေးစာစောင်အဖြစ် စာရင်းဝင်သော်လည်း ကုန်သွယ်ရေး ကုမ္ပဏီတစ်ခုက ထုတ်ဝေသည့် ကုန်စည်ဈေးနှုန်း သတင်းလွှာတစ်ခုအနေဖြင့် ၁၈၇၆ခုနှစ် စတင်ထုတ်ဝေကတည်း ကနိုင်ငံနယ် နိမိတ်ကို ကျော်လွန်ထိုးဖောက်နိုင်ခြင်းတော့ မရှိခဲ့ပေ။

Financial Times တစ်ခါက လုပ်ခဲ့သလိုပင် နစ်ကေးမှာ စာစောင်အဖြစ်မှ နိုင်ငံ၏ အဓိက စတော့ညွှန်း ကိန်းများကိုဖော်ပြနေ သည့် ဂျပန်၏ ပထမတန်းစား စီးပွားရေးနေ့စဉ်သတင်းစာ The Nikkei ဖြစ်လာခဲ့သည်။

သို့ရာတွင် ဂျပန်ဘာသာ စီးပွားရေးမီဒီယာတွင် ထူထောင်ထားခဲ့သည့် ကြီးမားလှသော သြဇာကို နိုင်ငံတကာဈေးကွက်အတွင်းရှိ အင်္ဂလိပ်စကားပြော စာဖတ်သူများကြားတွင် အောင်မြင်မှုရရန် ကူးပြောင်းသယ်ဆောင်ရာတွင်မူ နစ်ကေးမှာ ရုန်းကန်နေရသည်။

သက်ကြီးရွယ်အိုများပြီး လူဦးရေဆုတ်ယုတ်နေသည့် နိုင်ငံတစ်ခုတွင် အိုင်နေသည့်ပြည်တွင်း မီဒီယာဈေးကွက် ရုန်းထွက် ထိုးဖောက်ရန် ကြိုးစားမှုတစ်ခုအနေဖြင့် နစ်ကေးက ကမ္ဘာကျော် Financial Times သတင်းစာကြီးကို ဝယ်ယူလိုက်ခြင်း ပင်ဖြစ်သည်။

လေးနှစ်ကျော်ကာလအတွင်း ယန်းငွေမှာ စတာလင်ပေါင်နှင့်ယှဉ်ပါက ၄၀ရာခိုင်နှုန်းခန့် ကျဆင်းသွားသောကြောင့် ဗြိတိလျှ လုပ်ငန်းများကို ဝယ်ယူရာတွင် ကုန်ကျစရိတ်တက်လာခဲ့သော်လည်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ပေါ်လစီများအရ ဂျပန်ဘဏ် က ငွေကြေးဖြေလျော့မှုများ ပြုလုပ်လာရာ ကြွေးများ အတိုးနှုန်းသက်သာလာသောကြောင့် ကုမ္ပဏီများအနေဖြင့် နိုင်ငံရပ်ခြားတွင် ပိုမို၍ ရင်းနှီးမြှုပ်နှံလာနိုင်ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags