မြောက်ကိုရီးယားနှင့် အချိတ်အဆက်ရှိသည့်အတွက် စင်ကာပူ သင်္ဘော ကုမ္ပဏီတစ်ခုကို အမေရိကန်က နာမည်ပျက် စာရင်းသွင်း

မြောက်ကိုရီးယားနှင့် အချိတ်အဆက်ရှိသည့်အတွက် စင်ကာပူ သင်္ဘော ကုမ္ပဏီတစ်ခုကို အမေရိကန်က နာမည်ပျက် စာရင်းသွင်း

ဝါရှင်တန်၊ ဇူလိုင်-၂၄ ။     ။ မြောက်ကိုရီးယားသို့ တရားမဝင်လက်နက်များတင်ပို့မှုကို အထောက်အကူပြုခဲ့သည်ဟူသော စွဲချက် များဖြင့် စင်ကာပူ အခြေစိုက် သင်္ဘောလိုင်း ကုမ္ပဏီတစ်ခုကို အမေရိကန်ပြည်ထောင်စုက နာမည်ပျက် စာရင်းသွင်း ခဲ့သည်ဟု ဘီဘီစီသတင်း တစ်ရပ်တွင်ဖော်ပြထားသည်။

Senat Shipping ကုမ္ပဏီမှာ ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုကို ထိရောက်သော အကူအညီ များပေးနေ ခဲ့သည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ကပြောကြားခဲ့သည်။

နာမည်ပျက်စာရင်း သွင်းလိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံရှိ ထိုကုမ္ပဏီပိုင် ဓနဥစ္စာများကို ထိန်းချုပ်ထား လိုက်သလို၊ အမေရိကန်နိုင်ငံသားများကိုလည်း ထိုကုမ္ပဏီနှင့် စီးပွားရေးလုပ်ခွင့်ကို ပိတ်ပင်တားမြစ်လိုက်ခြင်းပင်ဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ Senat Shipping ကမူ တရားဝင်မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကမူ အရေးယူမှုကို Senat Shipping ကုမ္ပဏီကိုသာမက ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ လီယွန်နာ့ဒ် လိုင်အထိ ဆန့်ထုတ်တိုးချဲ့ခဲ့သည်။

Senat Shipping မှာ ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော Ocean Maritime Management Company (OMMC)နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ကပြောကြား ခဲ့သည်။

၂၀၁၃ခုနှစ်က သကြားကုန်စည်များအောက်တွင် ကျူးဘားမှ လက်နက်ကိရိယာများကို ဖုံးဝှက်သယ်ဆောင်လာသည့်အတွက် OMMCပိုင် သင်္ဘောတစ်စင်းကို ပနားမားအာဏာပိုင်များက ဖမ်းဆီးခဲ့ရသည်။  

အမေရိကန်အာဏာပိုင်များ၏ ပြောကြားချက်အရ OMMC အတွက် သင်္ဘောများကို ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်း၊ အလုပ်သမား ရှာဖွေပေးခြင်းများကို Senat က စီစဉ်ပေးသည်ဟု ဆိုသည်။ ‘မြောက်ကိုရီးယားရဲ့ လက်နက်ပျံ့ပွားရေး လှုပ်ရှားမှုတွေအတွက် OMMC က သယ်ပို့နေတဲ့ လက်နက်တွေဟာ အဓိကအရင်းမြစ်ပါပဲဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မကြာသေးမီက သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသို့ လက်နက်များ တင်သွင်းရန်ကြိုးစားမှုဖြင့် OMMCကို ကုလနှင့် အမေရိကန်ပြည်ထောင်စုတို့က ၂၀၁၄ခုနှစ် ဇူလိုင်လတွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ ကုလ၏ ဒဏ်ခတ်ပိတ်ဆို့မှုအရ မြောက်ကိုရီးယားနိုင်ငံအား လက်နက်ငယ်များမှအပ အခြားလက်နက်များ တင်သွင်း၊ တင်ပို့ခွင့်ကို ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly