ရွေးကောက်ပွဲ ၀င်ရန် ဦးထွန်းလွင်ကို ကမ်းလှမ်းသော်လည်း ကျန်းမာရေး အရငြင်းပယ်ဟုဆို

ရွေးကောက်ပွဲ ၀င်ရန် ဦးထွန်းလွင်ကို ကမ်းလှမ်းသော်လည်း ကျန်းမာရေး အရငြင်းပယ်ဟုဆို
ဓါတ်ပုံ- ဦးထွန်းလွင် ဖေ့ဘွတ်

အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုကာ ကိုယ်စား လှယ်လောင်း အဖြစ်ဝင်ရောက်ရွေးချယ်ခံရန်အတွက် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကို ကမ်းလှမ်းခဲ့သော်လည်း ၎င်း၏ ကျန်းမာရေး အရ ငြင်းပယ်ခဲ့သည်ဟု NLD သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှဒု-ဥက္ကဋ္ဌ ဦးစိုးညွန့်က မဇ္ဈိမ ကိုပြောသည်။

ဦးစိုးညွန့်က "ကျွန်တော်တို့ပါတီက ကမ်းလှမ်းတယ်ဒါပေမဲ့ ဦးထွန်းလွင်က ကျန်းမာရေးအရ၊ အသက်အရွယ်အရ မလုပ်ဖြစ် ပါဘူးလို့ပြောပါတယ်" ဟုဆိုသည်။

ဦးထွန်းလွင်သည် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာများနှင့် ပတ်သက်၍ ကိုယ်ပိုင် ဝက်ဘ်ဆိုက်ဖြင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်နေသည့် မိုးလေဝသပညာရှင်တစ်ဦးဖြစ်ပြီး ယခင်က မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ပါတီများ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ဇူလိုင် ၂၀ မှ သြဂုတ် ၈ ရက်အထိ ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရမည်ဖြစ်သည်။

ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ အောင်သူ၊ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ သန်းဝင်း၊ ဒေါက်တာ ညိုညိုသင်း အစရှိသူများ NLD ကိုယ်စားပြု အဖြစ် ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly