၂၀၀၈ ဖွဲ့စည်းပုံု အခြေခံဥပဒေ ဖျက်သိမ်းရန် ဂျပန်ရောက် တုုိင်းရင်းသားများ ဆန္ဒဖော်ထုုတ်

၂၀၀၈ ဖွဲ့စည်းပုံု အခြေခံဥပဒေ ဖျက်သိမ်းရန် ဂျပန်ရောက် တုုိင်းရင်းသားများ ဆန္ဒဖော်ထုုတ်
ဓာတ်ပုံ- Saiga Brang facebook

ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။               ။ ပြည်တွင်းစစ် ရပ်တန့်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်အတွက် ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများ စုပေါင်း၍ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် လူထုဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံရောက် ကချင်၊ ပလောင်၊ ရက္ခိုင်၊ မွန်၊ ရှမ်း၊ ကရင် စသည့် တိုင်းရင်းသားများနှင့် မြန်မာ့ ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ လူပေါင်း ၁၅၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်း စစ်ရပ်တန့်ဖို့ ကမ်ပိန်းအနေနဲ့ ပြည်တွင်းက ခေါ်လိုက်တယ်လေ။ ကျွန်တော်တို့လည်း ပြည်တွင်း စစ်ဖြစ်နေတာ မလိုလားတဲ့အတွက် ဂျပန် မြန်မာသံရုံးရှေ့မှာ စစ်ရပ်စဲဖို့ ထုတ်ဖော်ဆန္ဒပြတာ ဖြစ်ပါတယ်။ စစ်ပွဲရပ်၊ စစ်ပွဲ အလိုမရှိ၊ ငြိမ်းချမ်းရေးကို ချက်ချင်း အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့တယ်”ဟု ဂျပန်နိုင်ငံမှ ညီညွတ်သော တိုင်းရင်းသား အဖွဲ့အစည်း၏ ဥက္ကဋ္ဌ၊ ဆန္ဒဖော်ထုတ်ပွဲကျင်းပရေး တာဝန်ခံ မိုင်းကျော်ဦးက ပြောသည်။

ဆန္ဒဖော်ထုတ်မှု အစီအစဉ်ကို ဂျပန်နိုင်ငံ ဒေသစံတော်ချိန် ၂ နာရီတွင် စုရုံး၍ ဆန္ဒဖော်ထုတ်ပြီး ပြည်တွင်းစစ်ကြောင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူလူထုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ဘာသာပေါင်းစုံက ဆုတောင်းပေးကာ အဖွဲ့အစည်းအသီးသီးမှ စစ်ပွဲ ရပ်တန့်ရန် သဘောထားများ ဟောပြောတောင်းဆိုခဲ့သည်ဟု သူက ပြောသည်။

ဆန္ဒဖော်ထုတ်သည့် တိုင်းရင်းသားခေါင်းဆောင်များအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှ စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိမည်၊ စစ်ပွဲများ ရပ်တန့်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း တောင်းဆိုခဲ့သည်ဟု သူက ပြောသည်။

“ဒီမှာအလွှာပေါင်းစုံက ပြောကြတဲ့ထဲမှာ အားလုံးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိနေသရွှေ့တော့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးရဖို့ မလွယ်သလို၊ ဆက်ပြီးတော့ အကြတ်အတည်း ရင်ဆိုင်ရမယ်။ ကျွန်တော်တို့က စစ်ပွဲ ရပ်စဲရေးကို အစိုးရအနေနဲ့ ကြေညာပေးရင်ကောင်းတာပေါ့ဗျာ”ဟု သူက ဆက်လက် ပြောဆိုသည်။

ပြည်တွင်းစစ် ရပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း ပြုလုပ်ရန် ကချင်လူထုကိုယ်စား တောင်းဆိုခဲ့သည်ဟု ဂျပန်နိုင်ငံမှ ကချင်အမျိုးသားအစည်းအရုံး(KNO)၏ တာဝန်ခံ ဦးဟူးဝါးဇော်လက ပြောသည်။

“ကျွန်တော်တို့က NLDကို ကျွန်တော်တို့မဲဆန္ဒနဲ့ မဲပေးခဲ့ပြီး ဒီနေ့အစိုးရ ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရဖြစ်ရင်လည်း သူက တန်ခိုးရှင်မဟုတ်ဘူး။ အဲဒါကြောင့် ဒီအတိုင်း ပစ်ထားလို့ မရဘူး။ ကျွန်တော်တို့ လူထုတွေ ထွက်ရမဲ့ အချိန်တန်ပြီ ဆိုပြီးတော့ ပြောခဲ့တယ်။ လက်ရှိ အစိုးရကို ဆန္ဒပြတာ မဟုတ်ဘူး။ လက်ရှိ အစိုးရ သွားနေတဲ့ နိုင်ငံရေးလမ်းစဉ်မှာ ဝင်ရောက်နှောက်ယှက် ဟန့်တန်းနေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ်ပြီးတော့ တပ်မတော်ကနေ ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပေးဖို့၊ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေ အားလုံးတပြေးညီ ချိန်ကိုက်ပြီး ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly