စာအုပ်များအပြင် စာရေးဆရာများ၏ အထိမ်းအမှတ်နေရာများ ပါ၀င်သည့် စာအုပ်ပလာဇာ ဖွင့်လှစ်မည်

စာအုပ်များအပြင် စာရေးဆရာများ၏ အထိမ်းအမှတ်နေရာများ ပါ၀င်သည့် စာအုပ်ပလာဇာ ဖွင့်လှစ်မည်

စာအုပ်တွေအပြင် စာရေးဆရာများ၏ အထိမ်းအမှတ်နေရာများ ပါဝင်သည့် စာအုပ်ပလာဇာ ကို လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်ဟု တည်ထောင်သူ စာရေးဆရာ မြေမှုန်လွင်က ပြောသည်။

အရှေ့တောင်အာရှ၏ ပထမဆုံးသောဟု ဆိုသည့် စာအုပ်ပလာဇာသည် စာရေးဆရာ မင်းလူ၏ စာနယ်ဇင်းစူပါမားကက် ဆိုသည့် အိုင်ဒီယာမှ အစပျိုးခဲ့ခြင်းဖြစ်ပြီး လမ်းမတော်သံဈေး ငါးလွှာတွင်  ပေ ၁၀၀ x ပေ ၂၀၀ ပတ်လည်အကျယ်အဝန်းဖြင့် ဖွင့်လှစ်မည်ဖြစ်သည်။

ငါတို့စာပေ၏ ထုတ်ဝေသူဖြစ်ပြီး Yangon Book Plaza တည်ထောင်သူလည်းဖြစ်သော စာရေးဆရာ မြေမှုန်လွင်က စာအုပ်ပလာဇာ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို  မဇ္ဈိမသို့ ပြောသည်။

“အဓိကရည်ရွယ်ချက်ကတော့ ဒီစာအုပ်တွေပေါ့နော်။ စာပေနဲ့ ဝေးနေတယ်။စာအုပ်တွေနဲ့ ဝေးနေတဲ့သူတွေက ကျွန်တော့ပလာဇာကိုလာမယ်။ ကလေးကစားကွင်းကိုလာတာပဲဖြစ်စေ၊ ကော်ဖီဆိုင်ကိုလာတာပဲဖြစ်စေပေါ့နော်၊လာရောက်အပန်းဖြေမယ်။ အဲ့လိုအပန်းဖြေရင်းနဲ့ စာအုပ်လေးများ စိတ်ဝင်စားမိလို့သူတို့ဝယ်သွားလိုက်ရင်တော့ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးအမြတ်ဖြစ်ပါတယ်။  အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ”ဟု မြေမှုန်လွင်က ပြောသည်။

ပလာဇာအတွင်း စာရေးဆရာများ၏ အထိမ်းအမှတ် နေရာများ၊ စာအုပ်တိုက်များမှ တိုက်ရိုက်ရောင်းချမည့် စာအုပ်ဆိုင်များ၊ စာအုပ်အဟောင်းတန်း၊ နိုင်ငံတကာစာအုပ်ဆိုင်ခန်းများ၊ ရုံးခန်းများ အပြင် ကလေးကစားကွင်းနှင့်  ကော်ဖီဆိုင်ကိုပါ ထည့်သွင်းထားမည်ဟု သိရသည်။

စာအုပ်ပလာဇာမိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ Asia Plaza Hotel တွင်  ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း ထွက်ရှိခဲ့သောစာအုပ်များထဲမှ  အကောင်းဆုံး လက်ရွေးစင်(၁၂) အုပ်ကိုလည်း ဆုချီးမြှင့်ပေးခဲ့သည်။

ဆုရရှိခဲ့သည့် စာအုပ်များမှာ ဆရာမြသန်းတင့်၏ မင်းပုန်းတောင်သိုင်းသမားစာအုပ်၊ ဆရာမင်းလူ၏ ရယ်မောခြင်းပေါင်းချုပ်စာအုပ်၊ ဆရာမောင်ချောနွယ်၏ မောင်ချောနွယ်ကဗျာပေါင်းချုပ်စာအုပ်၊ ဆရာကျော်စွာထက်၏ ကျော်စွာထက် ဝတ္ထုတိုများ (၁+၂+၃) စာအုပ်၊ ဆရာဆန်းလွင်၏ လူတို့ကိုးကွယ်ရာဘာသာကြီးများစာအုပ်၊ ဆရာဆူးငှက်၏ မန္တလေးဒေါ့ကူမန်ထရီစာအုပ်၊ ဆရာ ညီပုလေး၏ ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်စာအုပ်၊ ဆရာမြင့်သန်း၏ နယ်ဘက်ကျေးဘက်မှဝတ္ထုတိုများစာအုပ်၊  ဆရာကိုနော်(ပုဂံ)၏ ပုဂံအရိပ် ပုဂံအတိတ် ပုဂံနှလုံးသား စာအုပ်၊ ဆရာစိန်ဝင်းစိန်၏ ရှင်သန်ခွင့်စာအုပ်၊ ဆရာကြယ်လွဲမိုး၏ လိပ်စာတပ်လိုက်တဲ့မြားတစ်စင်း စာအုပ်နှင့် ဆရာမချိုပိန်းနောင်၏ ဆူဆိုက်ကော်ဖီဆိုင် စာအုပ်များဖြစ်သည်။ ယင်းဆုများသည် ယခုနှစ်တွင်  Yangon Book Plaza Exclusive Committee မှ ပထမဆုံး စတင်ချီးမြှင့်ခြင်းဖြစ်ကာ  နှစ်စဉ်နှစ်တိုင်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။

Yangon Book Plaza Exclusive Committee အဖွဲ့ဝင်တစ်ဦးဖြစ်သည့် စာရေးဆရာ မောင်မိုးသူက ဆုချီးမြှင့်ရာတွင် လူပုဂ္ဂိုလ်အားအခြေမခံဘဲ စာပေကိုသာ အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“နံပါတ် ၁ ကတော့ ၂၀၁၆ခုနှစ်ဖြစ်ရမယ် ၊နံပါတ် ၂ ဘာတုန်းဆိုလို့ရှိရင် ရသဖြစ်ရမယ်၊ ရသမြောက်ရမယ်ပေါ့ ။လူပုဂ္ဂိုလ်ထက် ရသကို အဓိကထားရွေးပါတယ်” ဟု စာရေးဆရာ မောင်မိုးသူက   ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly