အောက်ခြေက မပြောင်းတော့ ဒီ ကြိုးနီစနစ်ကြီးက ခိုင်ခိုင်မာမာကြီး ရှိနေတုန်းပဲ

အောက်ခြေက မပြောင်းတော့ ဒီ ကြိုးနီစနစ်ကြီးက ခိုင်ခိုင်မာမာကြီး ရှိနေတုန်းပဲ

အစိုးရသစ်ရဲ့ ဆယ်လတာ ကာလအတွင်းမှာ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်များကို ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဌေးအောင်နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ ၊အန်ကယ် ၊ မင်္ဂလာပါ ခင်ဗျ။ ပထမဦးဆုံး မေးချင်တာက အစိုးရသစ်လက်ထက် ဟိုတယ်နဲ့ခရီးသွား လုပ်ငန်း အခြေအနေ ဘယ်လိုရှိပါသလဲ ခင်ဗျ။

ဖြေ - NLD အစိုးရသစ်တက်လာပြီးတော့ ဒေါ်စုကိုယ်တိုင် ဝန်ခံသွားတာလေး တစ်ခုရှိပါတယ်။ “ကျွန်မတို့ စီးပွားရေးတွေ နည်းနည်းကျဆင်းလာပြီ။” Tourism ဆိုတာက ခင်ဗျားတို့ ကြားဖူးလိမ့်မယ်ဗျ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ငါးသန်းတို့ ဘာတို့ပြောတာ အခုသတင်းစာခေါင်းကြီးပိုင်း ရေးထားတယ်။ တစ်ကယ်ဝင်တာ တစ်သန်းပဲဆိုတာ လိမ်ညာပြီးပြတဲ့ စာရင်းတွေပေါ့ဗျာ။ နယ်စပ်မှာ ဖြတ်သွားဖြတ်လာသွားတာတွေကော၊ ကိန်းဂဏန်းတွေကို သုညတွေ နောက်က တိုးတာတွေကော၊ ဟိုတယ် Tourism ကြီးက ဖောင်းပွလာနေတယ်ပေါ့။ အမှန်တကယ်ဝင်တာနဲ့လေ ကျွန်တော်တို့က ထဲထဲဝင်ဝင် လုပ်နေတဲ့သူတွေပါ။ ဟိုတယ် Industry က တကယ်ပဲ ကျနေတဲ့ဘက်မှာ ရှိနေတာပါခင်ဗျ။ ဒါကို ဦးမော့အောင် လုပ်ဖို့ဆိုတာက ဝန်ကြီးဌာနတစ်ခုတည်း လုပ်လို့ မရပါဘူးခင်ဗျ။ လူဝင်မှုကြီးကြပ်ရေးကလည်း လွယ်ကူတဲ့ Visa တွေ စီစဉ်ပေးရပါမယ်။ နောက် ကာကွယ်ရေး၊ လုံခြုံရေး ဒီလိုမျိုးလည်း လိုအပ်ပါတယ်။ အခုခရီးသွားဖို့ မသင့်တဲ့နေရာတွေ ထုတ်ပြန်ကြေညာလိုက်တဲ့အခါမှာဆိုရင် မေမြို့ဟာ ထိပ်ကရောက်နေပါတယ်။ မေမြို့ မိုးကြိုးပစ်ဆိုတာ တစ်စပ်တစ်ဆက်တည်း ရှိနေတာပါ။ တစ်မြို့နဲ့တစ်မြို့ မဟုတ်ဘူး တစ်ရွာနဲ့တစ်ရွာမဟုတ်ဘူး။ မေမြို့အထွက်ကလေးက မိုးကုတ်လမ်းမပေါ်မှာ မိုးကြိုးပစ် ဆိုတာရှိတာပါ။ ပြောရလို့ရှိရင် မေမြို့နဲ့ တစ်ဆက်တစ်ဆက်တည်းတောင် ရှိနေပြီ။ အဲ့ဒီကိုခရီးသွားရရန် မသင့်ဘူးလို့ လုံခြုံရေးဌာနတွေက ထုတ်ပြန်ပါတယ်ခင်ဗျ။ အဲ့ဒီအခါမှာ Cancellation တွေ အများကြီးဖြစ်ပါတယ်။ မလုံခြုံတော့ဘူး။ နယ်စပ်မှာရှိနေတဲ့ ဖြစ်ပွားနေတဲ့ စစ်မက်တွေဟာလည်း နိုင်ငံခြားသားတစ်ယောက်၊ ဧည့်တစ်ယောက်အနေနဲ့က မြန်မာပြည်မှာ စစ်ဖြစ်နေတယ်လို့ပဲသိတာ။ ရှမ်းပြည်နယ်မှာလား မွန်ပြည်နယ်မှာလား ဆိုတာ ကွဲကွဲပြားပြား မသိဘူး။ အဲတော့ အန္တာရာယ်ရှိတဲ့နေရာကို ဘယ်သူကမှ အလည်ခရီးမလာလိုပါဘူးဗျာ။ ဒါကြောင့်မို့ ငြိမ်းချမ်းဖို့လိုပါတယ်နော်။ ဟိုတယ် Industry မှမဟုတ်ပါဘူး ။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ဆိုရင် အခု ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) တို့ကြိုးစားနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာဆိုလည်းပဲ အင်မတန် အရေးပါတယ်လို့ ကျွန်တော် ထည့်သွင်းပြောပြလိုပါတယ်ခင်ဗျာ။

မေး - အရင်ဝန်ကြီးတွေနဲ့  အခု ဝန်ကြီးတွေ ဘာကွာခြားမှုရှိသလဲ ခင်ဗျ။

ဖြေ - အရင်ခေတ်ကာလတုန်းက ဝန်ကြီးတွေဆိုတာ မိန့်ခွန်းခြွေတာလောက်ပဲ ရှိတယ်။ ပြည်သူတွေဆီကနေပြီးတော့ ဘာကိုမှ နားထောင်တာမရှိဘူး ခင်ဗျ။ လက်ခံရိုးထုံးစံလည်း မရှိခဲ့ဘူး။ အခုဝန်ကြီးတွေကတော့ အဲ့သည်လိုမဟုတ်ဘူးဗျ။ သူက တော်တော်နားထောင်နိုင်တဲ့ဟာပေါ့ ။ Listening Power အရမ်းများတယ် ။ သူတို့က နားထောင်ပြီးတော့မှ ဆုံးဖြတ်တာ ။ အကုန်မှန်ချင်မှတော့ မှန်မှာပေါ့နော် ။ ကျွန်တော်ပြောလိုက်တာလေ။ အရာရာတိုင်းကိုလည်း ဝန်ကြီးချည်းပဲ တင်ပြလို့ရနေတာ မဟုတ်ဘူးလေ။ အခု ဝန်ကြီးရုံးမှာဆိုရင် PS က အကြီးဆုံးပေါ့။ PS က ကိုင်တွယ်တယ် တချို့သောကိစ္စ။ အဲ့လိုမှ မဟုတ်ဘူး ဦးစီးဌာနဘက်က လုပ်ရတော့မယ်ဆိုရင် ကျွန်တော်တို့က DG နဲ့ ဆက်သွယ်ရတယ် ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က အားလုံးနဲ့ သင့်မြတ်အောင် နေပါတယ်။ ကျွန်တော်တို့က ကုန်သည် စီးပွားရေးသမားပဲ။ သူတို့ကတော့ ဝန်ထမ်းဆိုတဲ့ အခါကျတော့လေ ကျွန်တော်ဝမ်းနည်းဖွယ်ရာတွေ့တာတစ်ခုတော့ ဝန်ထမ်းကတော့ ခေါက်ရိုးကျိုးနေတုန်းပဲဗျ။ အရင်ခေတ်ကလိုပဲ သူတို့တွေကလေ နှေးနှေး၊ နှေးနှေး နဲ့ပေါ့ ဟုတ်လား ။ ဒီထက်တော့ ကျွန်တော်ပိုပြီးတော့ ဘယ်သူ့ကိုမှ မနစ်နာစေချင်လို့ မပြောလိုပါဘူးဗျာ။ အဲ့တော့ သူတို့တွေလည်းပဲ မြန်မြန်ကလေး လျှောက်လှမ်းစေချင်ပါတယ်လို့ အကြံပြုလိုပါတယ်။ ဝန်ကြီးတွေ ပြောင်းသွားတာပဲ ရှိတယ်။ အောက်ခြေက မပြောင်းတဲ့အခါကြတော့လေ ဒီ ကြိုးနီစနစ်ကြီးကတော့ ခိုင်ခိုင်မာမာကြီး ရှိနေတုန်းပဲခင်ဗျ။ တော်တော်ကို နှောင့်နှေးပါတယ် လုပ်ရကိုင်ရတာတွေကလေ။ စာတစ်စောင်တင်လိုက်လို့ သူတို့ဆီက စာပြန်လာဖို့တို့ ဘာတို့ဆိုတာ တော်တော်ကိုပေါ့ ကျွန်တော်တို့မှာ နှောင့်နှေးတယ်။ နောက်ပြီးတော့ အဲ့ဒီ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေကလဲ ရှိနေတုန်းပဲဗျ  အဲ့ဒါလေးကိုတော့ ကျွန်တော် ဒီလောက်လေးပဲ ပြောချင်ပါတယ်။

မေး - ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအခြေအနေ ဦးမော့လာဖို့ ဘာတွေလုပ်ဆောင်ဖို့လိုမလဲခင်ဗျ။

ဖြေ - အောင်မြင်ဖို့ ဆိုရင်တော့ ဝန်ကြီးဌာနက ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်တွေ ပေးရပါလိမ့်မယ်။ လုပ်ပိုင်ခွင့်ဆိုတာက စာချုပ်ပါ စည်းကမ်းအတိုင်း လုပ်ပိုင်ခွင့်ပါ။ သီးသန့်အပိုလည်း ကျွန်တော်တောင်းမှာ မဟုတ်ပါဘူး။ အခန်းတွေ တိုးချဲ့ရမယ်။  Tourism Park ဆိုပြီးတော့ ဒီထဲမှာ Sector မျိုးစုံပါဝင်တဲ့ Tourism ဆိုတာ တော်တော် ကျယ်ပြန့်တာပါ။ ပညာရေးတွေ ဟိုတယ်သင်တန်းကျောင်းကြီးတွေ ဖြစ်လာမယ်ဗျ။ ဟိုတယ်က တော်တော်နွယ်တာဗျ။ နောက်ဆုံး ယာဉ်မောင်း သင်တန်းလိုမျိုးပေါ့။ ကျွန်တော် Propose လုပ်ဖူးတယ်။ ယာဉ်မောင်းသင်တန်းနဲ့ ဟိုတယ်နဲ့ ဘာဆိုင်လဲလို့ ကျွန်တော့်ကို အတွင်းဝန်များရုံးက မေးဖူးတယ် ကျွန်တော့်ကို။ ဟိုတယ်ဆိုတာ ခရီးသည်တွေ၊ ဧည့်သည်တွေကို လက်ခံတဲ့နေရာ၊ အဲ့တာတွေကို မောင်းပို့နေရတာလည်း ခရီးသွားလုပ်ငန်းရဲ့ အထောက်ကူပြုလုပ်ငန်းတစ်ခုပဲလို့ သွားရှင်းပြရသေးတယ်ခင်ဗျ။ အဲ့ဒီလောက်ထိ ဟိုတယ်ရဲ့ သဘောသဘာဝကို နားမလည်တာ။

မေး - တည်ငြိမ်မှုနဲ့ လုံခြုံရေး အခြေအနေတွေက ခရီးသွားလုပ်ငန်းတွေကို ဘယ်လို ထိခိုက်စေလဲခင်ဗျ။

ဖြေ - ကျွန်တော်တို့က တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးတော့ နယ်စပ် စစ်ပွဲတွေကအစ၊ ဟိုနား ဗုံးကွဲ ၊လေဆိပ်လိုနေရာမျိုးကြီးမှာ သေနတ်ပစ်ခံရတာမျိုးတွေကို မလုပ်ဆောင်ကြဖို့ပေါ့ဗျာ၊ ဒါကကျွန်တော် ဘယ်သူ့ကိုမှ စွပ်စွဲ ပြောတာမဟုတ်ဘူး၊ ဒါ လုပ်လို့ဖြစ်သွားတာကိုးဗျ။ နောက်ကွယ်က ဘယ်သူရှိတာတို့ ၊ရှေ့ကဘယ်သူရှိတာတို့က ထားလိုက်ပါတော့။ ဒါကတစ်ပိုင်းပေါ့၊ ဒါက တကယ့်ကို ဦးကိုနီတစ်ယောက်ကို လုပ်ကြံရုံတင်မဟုတ်ဘူး။ တိုင်းပြည်မလုံခြုံဘူးလို့ ပြလိုက်တာပဲ။ လာမယ့်သူတွေထဲမှာ ရိုးရိုးပညာရှင်တွေပါမယ်၊ ချမ်းသာကြွယ်ဝတဲ့သူတွေလာမယ်။ ခရီးသည်က လူမျိုးစုံတယ်။ ပညာတတ်တွေပါတဲ့ အခါကြတော့ လေဆိပ်မှာတောင်မလုံခြုံဘူး။ ဒီလိုတွေပစ်နေ၊ခတ်နေတဲ့အခါကြတော့ နံပါတ်တစ် လုံခြုံမှုကို အရင်ဆုံးမြှင့်တင်ရပါလိမ့်မယ်။ ကျန်တာတွေက ကျွန်တော်တို့ဆီမှာရှိပြီးသားပါ။ Tourism ဖွံ့ဖြိုးဖို့ဆိုတာ ကျွန်တော်တို့ဆီမှာ လူငယ်ထုပေါ့နော်။ ပညာတတ်လူငယ်ထုတွေ အမြောက်အများ ပြည်ပမှာ ပညာသင်ကြားနေကြပါတယ်။ အလုပ်လုပ်နေကြပါတယ်။ ဒီလူတွေဟာ အုံနဲ့အင်နဲ့ ပြန်လာမှာပါ၊ ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးပြီဆိုတာနဲ့၊ အလုပ်အကိုင်ရှိတာနဲ့။ ဘယ်သူကမှ ပိုက်ဆံတစ်ခုတည်းအတွက်နဲ့ နိုင်ငံခြားသွားနေတာမဟုတ်ဘူး။ ပညာတတ်ချင်လို့ သွားတယ်၊ ပိုက်ဆံလေးစုဆောင်းဖို့ ခဏသွားတယ်။ အမိနိုင်ငံကိုပြန်လာမဲ့သူချည်းပဲ။ အဲ့ဒီတော့ အုံနဲ့အင်နဲ့ အဲ့ဒီအုပ်စုကြီးတစ်စုပြန်လာလိမ့်မယ်။

မေး - ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အနေနဲ့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုမလဲ သိပါရစေခင်ဗျ။

ဖြေ - ကျွန်တော်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတကြီးတို့ကိုလည်း အလျင်းသင့်လို့ ဂါရဝတရားနဲ့ အသိပေးချင်ပါတယ်။ တိုင်းပြည်ကို ဘယ်လောက်ကောင်းအောင် လုပ်ချင်ပေမဲ့ အောက်ခြေက ပါမလာလို့ဆိုရင်တော့ ခရီးမရောက်ဘူး။ အဲ့ဒီလို ပြောလို့ ဘယ်သူ့ကို ပယ်ရှားလိုက်ပါ။ ဘယ်သူတွေကို နှုတ်ပယ်လိုက်ပါလို့ ပြောတာ မဟုတ်ဘူး။ ဒီလူတွေကို အရည်အချင်း ပြည့်မီလာအောင် သင်တန်းပေးတာမျိုး၊ ဌာနပြောင်းလဲပေးတာမျိုး၊ ကျွန်တော်တို့လို ဖွင့်ဟပြောဆိုတဲ့လူတွေကို အပြစ်မယူဘဲ၊ အညှိုးအဖွဲ့ မထားဘဲနဲ့ များများပြောကြ၊ ဒါပေမယ့် မှန်တာလဲ ပြောကြပေါ့နော်၊ အဖြစ်မှန်လည်းပြော၊ ကိုယ့်ရဲ့ထိခိုက်နစ်နာမှုတွေကိုလည်းတင်ပြ၊ အထက်က အောက်နဲ့ အကုန်လုံးသွားနေကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံကြီး ဖွံ့ဖြိုးဖို့ရာ အခုထက်ပိုပြီးမြန်ဆန်လိမ့်မယ်လို့ ကျွန်တော်လူကြီးတွေကို ဂါရဝတရားနဲ့ တင်ပြချင်ပါတယ်ခင်ဗျာ။ အစိုးရအပြောင်းအလဲမှာ ဒီ Tourism ကြီးက Bomb  ဖြစ်လာမယ်လို့ သုံးသပ်တယ်။ အများပါ။ ကျွန်တော် တစ်ယောက်တည်း သုံးသပ်ချက် မဟုတ်ပါဘူး။ နိုင်ငံတကာကလည်း သုံးသပ်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ဖို့လောက် အထိပေါ့ဗျာ။ တိုင်းပြည်ပြောင်းလဲ သွားတာဘယ်လိုလဲ။ မပြောင်းလဲခင် ပုံရိပ်တွေက ဘယ်လိုလဲ။ မကြာခင် ပြောင်းလဲတော့မယ် အမျိုးမျိုးသော Potential တွေကို ရည်မှန်းထားတာ၊ အစိုးရ အပြောင်းအလဲမှာ တစ်ခါတည်း အားထားရတော့မယ်လို့ အောက်မေ့တဲ့အချိန်မှာ တပ်မတော်အဖွဲ့အစည်းနဲ့ ၊ တက်လာတဲ့ NLD က တက်လာတဲ့ အစိုးရအဖွဲ့နဲ့က စည်းစည်းလုံးလုံး မလုပ်တဲ့အပေါ်မှာ လုံခြုံမှုတွေမရှိတော့သလို ခံစားရတယ်။ အဲ့ဒါဆို ဘယ်သူကလာမလဲ၊ အလည်လာတာလေဗျာ။ အသက်ကို ရင်းပြီးတော့ ဘယ်သူမှအလည်ခရီးကို မလာဘူးလေ။ စီးပွားရေးသမားပင်လျှင် စိတ်ချရတဲ့နေရာမှာမှ ရင်းနှီးမြှုပ်နှံမှာလေ။ လည်ပတ် ဖို့ဆိုတာ ဒီထက်ပိုတယ်လေ၊ သာယာနေရမယ်၊ ပျော်ရွှင်ဖွယ်ရာကောင်းရမှာ။

မေး - ဟုတ်ကဲ့ ခင်ဗျာ .. အခုလိုမျိုး ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဖြေ –  ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly