အင်္ဂလိပ်နယ်ချဲ့ ခုခံဆန့်ကျင်တော်လှန်ရေး ဂွေးချောင်းခံတပ်သို့ သွားရောက်ခြင်း (အပိုင်း ၂)

04 February 2017
အင်္ဂလိပ်နယ်ချဲ့ ခုခံဆန့်ကျင်တော်လှန်ရေး ဂွေးချောင်းခံတပ်သို့ သွားရောက်ခြင်း (အပိုင်း ၂)
 

ဂွေးချောင်းတပ်ဟာ မင်းလှခံတပ်ရဲ့ တစ်ဖက်ကမ်း ညာဖက် မျက်စောင်းထိုးအရပ်မှာ ရှိပါတယ်။ မင်းလှခံတပ်က ဧရာဝတီမြစ် အနောက်ဘက်မှာဖြစ်ပြီး   ဂွေးချောင်းခံတပ်ကတော့   မြစ်အရှေ့ဘက်   အောက်ပိုင်းနေရာဖြစ်ပါတယ်။

 မြစ်တစ်ဖက်ကမ်းဆိုပေမယ့် ဂွေးချောင်းခံတပ်ကို ခရီးဆက်ဖို့က နည်းနည်းတော့ဝေးပါတယ်။ မင်းလှမြို့ အောက်ဘက်အလွန် ဧရာဝတီမြစ်ကူးတံတားကြီးဆီအထိ ဆယ်မိုင်လောက် ခရီးဆက်ရပါမယ်။ တံတားကူးပြီးရင်တော့ မြစ်အရှေ့ဘက်ကနေ အပေါ်ဘက်ကို ဆက်သွားရမှာပါ။ အဲဒီလို ခုနှစ်မိုင်လောက် သွားပြီးရင်တော့ မြေသားလမ်းတွေကနေ တစ်ဆင့် မြစ်တစ်ဖက်ကမ်းက ဂွေးချောင်းခံတပ်ကို   ရောက်သွားမှာပါ။

မင်းလှခံတပ်က အဝေးကနေ ရှင်းရှင်းလင်းလင်းမြင်ရတဲ့ မြေပေါ်မှာဆောက်ထားတဲ့ ခံတပ်ဖြစ်ပေမယ့် ဂွေးချောင်းခံတပ်ကတော့ အလွယ်တကူမမြင်နိုင်တဲ့ မြေအောက်ခံတပ် အမျိုးအစားလို့ သိရပါတယ်။ ဂွေးချောင်းခံတပ်ဟာ ဂွေးချောင်းတောင်ရွာရဲ့ တောင်ဘက်မှာရှိပြီးတော့ တောင်ကုန်းတစ်ခုအပေါ်မှာ တည်ဆောက်ထားတဲ့ ခံတပ်ကြီးတစ်ခု ဖြစ်ပါတယ်။ မျက်စိနဲ့တွေ့ရတဲ့ အနေအထားအရတော့ မင်းလှခံတပ်ထပ် ပိုကျယ်ပါတယ်။ မှတ်တမ်းတွေအရတော့ ဂွေးချောင်းခံတပ်ကို ၁၈၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်လို့ မင်းလှခံတပ်ထက် တစ်နှစ်စောပြီး တည်ဆောက်ခဲ့တာပါ။ ဒါပေမယ့် ခံတပ်နှစ်ခုစလုံးက အချိန်ကာလ တစ်ခုတည်းမှာပဲ ပြိုင်တူတည်ဆောက်ခဲ့ပြီးတော့ သုံးနှစ်လောက်ကြာအောင် အချိန်ယူတည်ဆောက်ခဲ့တာပါ။

အခုရောက်နေတဲ့ ခံတပ်ကြီးကတော့ မကွေးမြို့အောက်ဘက် ၁၂ မိုင်အကွာမှာရှိတဲ့ ဂွေးချောင်းခံတပ်ကြီးဖြစ်ပါတယ်။ ဂွေးချောင်းခံတပ်က ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပါတယ်။ မင်းလှခံတပ်နဲ့ဆိုရင်တော့ ဓားလွယ်ခုတ်လောက်မှာ တည်ရှိပါတယ်။ ဒီခံတပ်ကြီးကတော့ မြေအောက်ခံတပ် အမျိုးအစားဖြစ်ပါတယ်။

မြေအောက်ခံတပ်ကြီးဖြစ်တဲ့အတွက် သူ့ရဲ့ အဆင့်သုံးဆင့်မှာ အပေါ်ဆုံးအဆင့်ကိုပဲ မြေပေါ်ကနေ မြင်နိုင်တာဖြစ်ပါတယ်။ မြေအောက်မှာ အဆင့်နှစ်ဆင့် ရှိပါသေးတယ်။ မြေပေါ်အဆင့်မှာတော့ အမြောက်လက်နက်ကြီးတွေနဲ့ စစ်တိုက်တဲ့အခါမှာ အသုံးပြုတဲ့ နေရာဖြစ်ပါတယ်။ အောက်ကအဆင့်နှစ်ဆင့်မှာတော့ ပထမအဆင့်မှာဆိုရင် မြေအောက် ဂူအခန်းမျိုးတွေရှိတယ်။ အဲဒီမှာ စစ်သည်တွေ နားနေတဲ့အခန်းတွေရှိမယ် အရာရှိတွေ ရုံးခန်းတွေရှိမယ်၊ အစည်းအဝေးခန်းတွေရှိမယ်၊ ပြီးရင် စားနပ်ရိက္ခာနဲ့ လက်နက်တွေ သိုလှောင်တဲ့အခန်းတွေ ရှိပါတယ်။

ဒုတိယအဆင့်ကတော့ မြေအောက်မှာ ရေတွင်း ရေလှောင်ကန်ကြီးတွေ ရှိပါတယ်။ ရေလှောင်ကန် နှစ်ကန်ရှိတယ်လို့ သိရပါတယ်။ အဲဒါကိုကတော့ အတွင်းပေါက်တွေ ကနေ   ချောင်းကြည့်မှ မြင်ရတာပါ။ အခုကတော့ မြေအောက်ရဲ့ ပထမအဆင့်ကိုပဲ မြင်နိုင်ပါတယ်။

ဂွေးချောင်းခံတပ်ဟာ မြစ်အရှေ့ဘက်ခြမ်း ပေ ၂၀၀ ကျော်မြင့်တဲ့ တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတာပါ။ အဲဒီတောင်ကုန်းပေါ်မှာမှ မြေအောက်ကို ခွက်ထားပြီးတော့ ဆောက်လုပ်ထားပါတယ်။ ဒါကြောင့် မြေအောက်ခံတပ်ဖြစ်ပါတယ်။

ဂွေးချောင်းခံတပ်ကို အဆင့်ကြီး ၃ ဆင့် သတ်မှတ်ထားပြီးတော့ ပထမအဆင့်ကိုတော့ မြေပေါ်မှာ တည်ဆောက်ထားပါတယ။် မြေပေါ်အဆင့်ဟာ တောင်ကုန်းပေါ်မှာ ရှိနေပေမယ့် ဧရာဝတီမြစ်ဘက်ကနေ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ ခံတပ်ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာတော့ ၁၂ ပေမြင့်တဲ့ အုပ်တံတိုင်းကြီးတွေနဲ့ ကာထားပါတယ်။ ခံတပ်ရဲ့ အပေါ်ဘက်   တောင်ဘက်ပိုင်းမှာတော့ ခံတပ်ပိုင်းနဲ့ စစ်မြှူကွင်းကြီး တည်ရှိပါတယ်။ တကယ်တော့ ဂွေးချောင်းခံတပ်က ရှုပ်ထွေးတဲ့ပုံစံ တည်ရှိပါတယ်။ အပေါ်ဘက်မှာလည်း ဖွဲ့စည်းတည်ဆောက်ထားပုံက ထူးခြားသလို ခံတပ်ရဲ့အောက်ဘက် အတွင်းပိုင်းမှာလည်း ထူးထူးခြားခြားတည်ဆောက်ထားတာတွေ ရှိနေပါတယ်။ အဲဒီနေရာတွေက အလွယ်တကူတော့ ဝင်လို့မရပါဘူး။

အခုမြင်နေရတဲ့ဂူပေါက်ကတော့ ယမ်းတိုက်ဖြစ်ပါတယ်။ ဂွေးချောင်းခံတပ်ကြီး သက်ဝင်လှုပ်ရှားခဲ့စဉ်ကတော့ လက်နက်ခဲယမ်းသိုလှောင်တဲ့ အခန်းတွေ အထဲမှာရှိပါတယ်။ သူ့ရဲ့တည်ဆောက်ပုံကတော့ ခံတပ်ကြီးရဲ့အောက်မှာ အခန်းကြီးတစ်ခန်းရှိတယ်။ အဲဒီအခန်းထဲမှာမှ အခန်းငယ်လေးကို တည်ဆောက်ထားပြီးတော့ ယမ်းတွေကို သိုလှောင်သိမ်းဆည်းထားတာပါ။ ကြားထဲမှာတော့ ကင်းပတ်တဲ့လမ်းကြောင်း ရှိပါတယ်။ ကင်းသမားတွေစောင့်ကြည့်တဲ့ လမ်းကြောင်းရှိပါတယ်။ ဒီယမ်းတိုက်ကို ဆောက်ရတဲ့ ရည်ရွယ်ချက်လေးကို မေးကြည့်တော့ လက်နက် ခဲယမ်းပစ္စည်းတွေက အပူချိန်လွန်ရင် အလွယ်တကူ ပေါက်ကွဲတက်ပါတယ်။ ဒီဘက်ရာသီဥတုကလည်း အင်မတန်မှ ပူပါတယ်။ ဒါကြောင့်မို့ အပူချိန်ကို ထိန်းညှိတဲ့အနေနဲ့ ဒီဘက်မှာ အံဇာတုံးပုံစံ လေးထောင့်အခန်းလေးကို တည်ဆောက်ပြီးတော့ အဲဒီအထဲမှာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းတာဖြစ်ပါတယ်။ အဓိကကတော့ ယမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို သိမ်တဲ့နေရာဖြစ်ပါတယ်။

ယမ်းတိုက်ရှိတဲ့နေရာကတော့ ခံတပ်ကြီးရဲ့ ဆင်ကျုံးဆိုတဲ့ လမ်းကြီးအပေါ်မှာ တည်ရှိတာပါ။ လမ်းကြီးကတော့ အဓိက ခံတပ်ကြီးရဲ့ စစ်သည်တော်တွေ အင်အားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဆင်ကြီးတွေရဲ့ သွားတဲ့လာတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ယမ်းတိုက်တစ်နေရာမှာက လမ်းကြောင်းရဲ့ ဂူပေါက်အနေနဲ့ ဖောက်ပြီးတော့ တည်ဆောက်ထားတာဖြစ်ပါတယ်။

ဂွေးချောင်းခံတပ်ကြီးရဲ့ အောက်ဘက်အဆင့်မှာတော့ မြေတွင်း လက်နက်တိုက်ခန်းတွေ အပေါ်ဘက်နဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းတွေအပါအဝင် ရေတွင်း ရေလှောင်ကန်တွေလည်း ရှိပါတယ်။ ရှုပ်ထွေးလှတဲ့ စစ်ပညာရပ်တွေနဲ့ ပေါင်းစည်းတည်ဆောက်ထားတဲ့ ဂွေးချောင်းခံတပ်ဟာ အခုဆိုရင် တောင်ကုန်းကြီးအပေါ်မှာ ထီးထီးကြီး အသက်မဲ့နေပြီဖြစ်ပါတယ်။

အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲမှာတုန်းကတော့ ဒီဂွေးချောင်းခံတပ်ကြီးကို အင်္ဂလိပ်စစ်တပ်က လုံးဝ ကျော်ဖြတ်ပြီးတော့ မတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပထမတစ်ခေါက် ကျရှုံးခဲ့တယ်   နောက်ထပ်တစ်ခေါက်ကျတော့ ၁၈၈၅ နိုဝင်ဘာ ၁၇ ရက်နေ့မှာဆိုရင်တော့ အင်္ဂလိပ်စစ်တပ်က ဒီ ဂွေးချောင်းခံတပ်ကြီးကို ကြေးကြောင်းရော ရေကြောင်းရော နှစ်ခုစလုံးနဲ့ ချီတက်ပြီးတော့ တိုက်ခိုက်ခဲ့ကြတယ်တဲ့။ ဧရာဝတီမြစ်ကနေ ရေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ ဒီနားကရွာက လမ်းပြအဖြစ်ခေါ်လာတဲ့ တစ်ဥိးကို ကြည်းတပ်က ဂွေးချောင်းခံတပ်ကြီးကို နောက်ကျောကနေ တိုက်ခိုက်ခဲ့ကြတယ်။ ဒါကြောင့်မို့ ၁၈၈၅ နိုဝင်ဘာ ၁၇ ရက်နေ့ နေ့ခင်းမှာပဲ ဒီခံတပ်ကြီးကို မြန်မာစစ်သည်တော်တွေက စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဂွေးချောင်းခံတပ်ကြီး အင်္ဂလိပ်တို့နဲ့ တိုက်ပွဲအပြီး ကျရှုံးခဲ့ပေမယ့် မြန်မာတို့ရဲ့ စွန့်စားတိုက်ခိုက်ပုံတွေကို မြင်ယောင်ကြည့်နိုင်မယ့် ထူးခြားတဲ့ နေရာကြီးဖြစ်ပါတယ်။ ဧရာဝတီမြစ် အနောက်ဘက်   တောင်ကုန်းတစ်ခုပေါ်က ခံတပ်ကြီးဟာ အခုတော့ တိတ်ဆိတ် ငြိမ်သက်လို့နေပါပြီ။ ရှုပ်ထွေးလှတဲ့ တည်ဆောက်ပုံတွေက သာမာန်လူတွေအနေနဲ့ နားမလည်နိုင်ပေမယ့် စိတ်ဝင်စားစရာတော့ အရမ်းကောင်းလှပါတယ်။ ဒီနေရာဟာ တစ်ချိန်က မျိုးချစ်သူရဲကောင်းတွေ သွေးမြေကျခဲ့တဲ့နေရာ ဖြစ်ခဲ့ပါပြီ။

အပိုင်း( ၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည် http://www.mizzimaburmese.com/article/22888

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly