စစ်ကိုင်းတိုင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးလာစေရန် အထူးစီမံကိန်းများ ရေးဆွဲမည်

စစ်ကိုင်းတိုင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးလာစေရန် အထူးစီမံကိန်းများ ရေးဆွဲမည်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

မုံရွာ၊ ဖေဖော်ဝါရီ ၃။            ။ စစ်ကိုင်းတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် အထူးစီမံကိန်းအစီအစဉ်များအား ရေးဆွဲသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏ ထုတ်လုပ်မှုဆိုင်ရာအခက်အခဲ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ ဈေးကွက် အခက်အခဲ တို့အပေါ်အခြေခံကာ ပညာရှင်များ၊ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များဖြင့် လက်တွေ့ကျကျ ပူးပေါင်းအဖြေရှာသွားမည် ဖြစ်ကြောင်း သိရသည်။

"တောင်သူများအနေနဲ့ ဝယ်လိုအားကို အခြေခံတဲ့ထုတ်ကုန်ပဏာမကို ခန့်မှန်းနိုင်ခြင်းမရှိတဲ့အပြင် ရာသီဥတုဖောက်ပြန်မှု၊ လုပ်သားရှားပါးမှု၊ စိုက်စရိတ်မြင့်မားလာမှု စတဲ့ အခက်အခဲတွေ ကြောင့် သီးနှံကုန်ကျစရိတ်နဲ့ပေါက်ဈေးမမျှ ဖြစ်ပြီး အရှုံးပေါ်ကြရတာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ မူဝါဒတွေ ခိုင်မာလာစေဖို့ ကြိုးစားသွားမှာပါ" ဟု ဝန်ကြီးက ပြောသည်။

ထို့ပြင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းမှ မျိုးစေ့ထုတ်အသင်း များနှင့်ပူးပေါင်ကာ အရည်အသွေးပြည့် မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူး ပေးလျှက်ရှိကြောင်း ဆက်လက်ပြောကြား သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းက စပါး၊ ကုလားပဲ၊ နှမ်း၊ ပဲတီစိမ်း စသည့်တို့ကို မျိုးကောင်းမျိုးသန့် ၃၉၅၂ ဧကအား စိုက်ပျိူး ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly